သြဂုတ်၊ ၁၅
လက်ရှိမှာ ရာထူးက ဖြုတ်ချပြီး ထိန်းသိမ်းခံထားရတဲ့ သမ္မတ မိုဟာမက် ဘာဇိုအွမ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာသိမ်း နိုက်ဂျားစစ်တပ်က ကြေညာခဲ့ပါတယ်။
အနောက်အာဖရိက ဒေသတွင်း နိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာမာနီ တီချီယာနီက အခုအစီအစဉ်ကို ဩဂုတ် ၁၄ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အာဏာပြန်စွန့်ပြီး အရပ်သား အစိုးရဆီ အာဏာပြန်အပ်နှင်းဖို့ နိုင်ငံတကာနဲ့ အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)က အစဉ်တစပ် ဖိအားပေးနေမှုတွေကို စစ်တပ်က ဖီဆန်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
တီချီယာနီက သမ္မတ ဘာဇိုအွမ်ကို အကျယ်ချုပ် ချထားကြောင်းနဲ့ ဘာဇိုအွမ်ဟာ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူချင်းတွေ့ခွင့် ရခဲ့တဲ့ သမ္မတရဲ့ ဆရာဝန်က ပြောပါတယ်။ အခုအခါ အာဏာသိမ်း နိုက်ဂျားစစ်တပ်က ဘာဇိုအွမ်ကို စွဲချက်တင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကြောင့် တုန်လှုပ် စိတ်ပျက်မိတယ်လို့ Ecowasက ကြေညာပါတယ်။
Ecowasဟာ တကယ်လို့ နိုက်ဂျားစစ်တပ်က အရပ်သား အစိုးရဆီ အာဏာပြန်မအပ်ရင် စစ်ရေးအရ ဖိအားပေး တုံ့ပြန်နိုင်ခြေ ရှိတယ်လို့ပါ သတိပေး ခြိမ်းခြောက်ထားပါတယ်။
နိုက်ဂျားစစ်တပ်က ဘာဇိုအွမ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့ ထုတ်ပြန်လိုက်တဲ့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ ဒီကိစ္စဟာ ဥပဒေနဲ့ မညီညွတ်သလို လုံးဝ မျှတမှုမရှိတဲ့ အခြေအနေ တခုလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီဒန့် ပက်တဲလ်က ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် ဘာဇိုအွမ်ဟာ ဇူလိုင် ၂၆ ရက်က အာဏာသိမ်းမှု နောက်ပိုင်း သမ္မတအိမ်တော် မြေအောက်ခန်း တခုမှာ ချုပ်နှောင် ခံထားရတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ဘာဇိုအွမ်ကို ဖမ်းဆီးထားတဲ့အပြင် နာတာရှည် ဝေဒနာ တခုကြောင့် ဆေးဝါးကုသမှုတွေ ခံယူဖို့ လိုအပ်နေတဲ့ အသက် ၂၀ အရွယ် သားဖြစ်သူကိုပါ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့် မပေးဘဲ တားမြစ်ထားကြောင်း သိရပါတယ်။
Ref: Guardian