တိုက်စစ်မှူး နေမာ ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိ

သြဂုတ်၊ ၁၅

ပီအက်စ်ဂျီ အသင်းရဲ့ ကမ္ဘာကျော် တိုက်စစ်မှူး နေမာဟာ ဆော်ဒီ အာရေးဘီးယား ဘောလုံးကလပ် အယ်လ်ဟီလယ်လ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရာဇီး လက်ရွေးစင်ဟာ ယူရို သန်း ၉၀ တန် ပြောင်းရွှေ့ကြေးနဲ့ အယ်လ်ဟီလယ်လ် အသင်းဆီ ကူးပြောင်းဖို့အတွက် ဆေးစစ်မှုတွေရော၊ စာရွက်စာတမ်း ကိစ္စတွေပါ ပြီးပြတ်သွားပြီလို့ ဆိုပါတယ်။ နေမာဟာ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ ဘောလုံးကလပ်ဆီ ၂၀၁၇ တုန်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ပီအက်စ်ဂျီဟာ နေမာအတွက် စပိန်ထိပ်သီး ဘာစီလိုနာဆီ ယူရို ၂၂၂ သန်း ပြောင်းရွှေ့ကြေး ပေးချေခဲ့ရပါတယ်။

ပီအက်စ်ဂျီရဲ့ မန်နေဂျာသစ် လူးဝစ် အန်ရီကေး လက်ထက်မှာ နေမာဟာ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေအတွက် ပါဝင်ခွင့် မရတော့တဲ့နောက် ပါရီမြေကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုအပြောင်းအရွှေ့ ကာလမှာ ကြောက်ခမန်းလိလိ ငွေသုံးကြမ်းနေတဲ့ ဆော်ဒီ ပရိုလိဂ် ကလပ်တွေထဲက တခုဖြစ်တဲ့ အယ်လ်ဟီလယ်လ်က နေမာကို စည်းရုံးမှုမှာ လက်တွေ့ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြင်သစ်ကလပ်မှာ တနှစ်လုပ်ခ ယူရို ၂၅ သန်းလောက် ရရှိခဲ့တယ်လို့ ယုံကြည်ရပြီး ဆော်ဒီမှာတော့ အဲဒီထက် ၆ ဆ ပိုများတဲ့ တနှစ်လုပ်ခ ယူရို သန်း ၁၅၀ လောက် ခံစားခွင့် ရှိလာမယ်လို့ ယုံကြည်ရပါတယ်။

နေမာဟာ ပီအက်စ်ဂျီအတွက် ၁၇၃ ပွဲကစားပြီး ဆုဖလားပေါင်း ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝတလျှောက် ဒဏ်ရာပြဿနာတွေနဲ့ အတော်လေး နပန်းလုံးခဲ့ရပါတယ်။

အခုနှစ် အစောပိုင်းမှာ ဆော်ဒီကလပ် အယ်လ်နက်ဆာက ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စာချုပ် ခေါ်ယူခဲ့တဲ့နောက် ဥရောပ အခြေစိုက် ဘောလုံးသမားကောင်းတွေ တော်တော်များများ ဆော်ဒီ ပရိုလိဂ်ဆီ ဆက်တိုက် ကူးပြောင်း အခြေချလာခဲ့ကြပါတယ်။

 

Ref: BBC