ဖားကန့် မြေစာပုံ ပြိုကျလို့ ပျောက်ဆုံးသူ ၃၇ ဦးအနက် အလောင်းပြန်တွေ့သူ ၂၅ ဦးရှိလာ

သြဂုတ်၊ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်မှာ ဒီလ ၁၃ ရက် ညနေပိုင်းက မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ ညနေ ငါးနာရီအထိ သေဆုံးသူ ၂၅ ဦးအထိရှိလာပြီး သူတို့ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိထားတယ်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ ဒီကနေ့ ငါးနာရီလောက်အထိတော့ ရုပ်အလောင်း ၂၅ လောင်းတွေ့ထားတယ် ။ငါးလောင်းကတော့ ပိုင်ရှင်မဲ့ပေါ့နော် ။ကျန်တာတွေကတော့ သူတို့မိသားစုတွေပြန်သယ်သွားကြပါပြီ  ” လို့ လူမှုကူညီရေး လုပ်ကိုင်သူတဦးက ဆိုပါတယ်။

မနမှော်အတွင်းက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရထားတဲ့ ကျောက်စိမ်း လုပ်ကွက်ဟောင်းရဲ့မြေစာပုံမှာ ဒီလ ၁၃ ရက်၊ ညနေ ၃ နာရီလောက်မှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။

မြေစာပုံပြိုကျပြီး နှစ်ရက်အကြာမှာပဲ အခုလိုရုပ်အလောင်းတွေကို နွံကန်တွေထဲပြန်လည်ပေါ်လာလို့ ရုပ်အလောင်းတွေကို တွေ့ရှိတာဖြစ်ပြီး ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေကတော့ ရုပ်အလောင်း ပြန်လည်ရရှိဖို့အတွက် အဲဒီနေရာအနီးမှာ လာရောက်စောင့်ဆိုင်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းက မြေစာပုံပြိုကျထားတဲ့ နေရာအနီးတဝိုက်မှာ မိုးရွာသွန်းမှုတွေ ရှိနေသေးတဲ့အတွက် ထပ်မံပြီးတော့ မြေပြိုကျနိုင်သေးတဲ့ အနေအထားလည်းရှိသလို အလောင်းဆယ်ယူဖို့အတွက် ခက်ခက်ခဲခဲလုပ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။

အခု မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ လုပ်ကွက်ကွက်ဟောင်းကလည်း ကုမ္ပဏီက မိုးတွင်းကာလဖြစ်တဲ့အတွက် ကျောက်တူးဖော်မှုကို ရပ်နားထားချိန် တပိုင်တနိုင် ရေမဆေးကျောက်ရှာဖွေသူတွေက ဝင်ရောက်လုပ်ကိုင်နေတုန်း မြေပြိုကျမှု ကြုံတွေ့ခဲ့ရတာပါ။

ဖားကန့်ကျောက်တူးဖော်ရေး လုပ်ကွက်တွေဟာ မိုးတွင်းကာလမှာ အခုလိုပဲ မကြာခဏ မြေစာပုံတွေ ပြိုကျတတ်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေလည်း သေဆုံးတာတွေ၊ ပျောက်ဆုံးတာတွေ ဖြစ်တက်ပါတယ်။

ဒီလအစောပိုင်းတုန်းကလည်း ဖားကန့်ဒေသ၊ မှော်စီစာကျေးရွာ၊ သာယာကုန်းမှော်ကွက်မှာ ကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

Photo -CJ