မုန်တိုင်းနဲ့ ရေလွှမ်းမှုဒဏ် ဆက်တိုက်ကြုံခဲ့ရတဲ့ ရခိုင်ပြည်သူတွေကိုကူညီကြဖို့ AAအကူအညီတောင်း

 

ဩဂုတ် ၁၄

လအနည်းငယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ရော ရေလွှမ်းမိုးမှုဒဏ်ကိုပါ ဆက်တိုက်ခံစားခဲ့ရတဲ့ ရခိုင်ပြည် သူ တွေဟာ မျိုးစပါး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတာကြောင့် အမြန်ဆုံး ကူညီ ပေးကြဖို့ နိုင်ငံတကာနဲ့ ကူညီရေးအဖွဲ့တွေကို ရခိုင့်တပ်တော်(AA)က ဒီကနေ့ ထုတ်ပြန် အကူအညီတောင်း ခံ လိုက်ပါတယ်။

အခုလဆန်းပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရေလွှမ်းမိုးမှုကြောင့် မြို့နယ် ခုနစ် ခုကနေအိမ် သုံးသောင်းနီးပါး ရေ မြုပ်ခဲ့ပြီး စပါးစိုက်ခင်း ဧကပေါင်း ခုနှစ်သောင်းကျော် ပျက်စီးကာ လူခြောက်ဦးလည်း သေဆုံးခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ကူညီဆောင်ရွက်ပေးနေကြတဲ့ ကမ္ဘာ့နိုင်ငံ ကြီးတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေ၊နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ရေဘေး၊ လေဘေးဒဏ်သင့် ပြည်သူတွေ အတွက် လတ်တလောအရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေအမြန်ဆုံး ကူညီပေးကြဖို့ AA က တောင်းဆိုထားပါတယ်။

ရခိုင်ဒေသဟာ ပြီးခဲ့တဲ့ မေလ လယ်ပိုင်းကမှ မိုခါမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးကြုံတွေ့ခဲ့ရပြီး မုန်တိုင်းဒဏ်သင့် သူတွေကို အကူအညီတွေ လုံလုံလောက်လောက်မပေးနိုင်သေးခင် နှစ်လခွဲလောက်အကြာမှာ ရေကြီးရေလျှံမှုကို ထပ်မံကြုံတွေ့ခဲ့ရတာပါ။

“စားနပ်ရိက္ခာ အခက်အခဲရှိသွားတယ်၊အကူအညီတောင်းကြတာတွေ ရှိပါတယ်၊မိုခါပြီးခါစပဲ ရှိသေးတယ်၊ ရေထပ် ကြီးတော့ ပိုဆိုးသွားတာပေါ့၊ပြီးရင် နောက်အခက်အခဲက သောက်သုံးရေပါ၊ ရေကန်တွေထဲ ရွံ့နွံတွေ ၀င်သွားတော့ သုံးမရတော့ဘူး၊မိုးကလည်း မမှန်ရင် ဒုက္ခက တော်တော်ကြီးပါမယ်”လို့ ကျောက်တော်မြို့က ရေဘေးသင့်သူ တွေ ကို ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးက ပြောပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ ရေကန် ၈၅ ကန် ပျက်စီးခဲ့ရတယ်လို့ AA က ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ အဲဒီရေကန်တွေထဲက ရွံ့ရေတွေ၊ နွံ့နစ်တွေကို ပြန်လည်စုပ်ထုတ်ပြီး ပြန်လည်တူးဖော်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် စပါးခင်းတွေ အမြောက်အများ ပျက်စီးသွားတာကြောင့်လည်း ပြန် လည်ထွန်ယက်စိုက်ပျိုးနိုင်ဖို့ မျိုးစပါး တွေ လိုအပ်နေကြတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

“မုန်တိုင်းနဲ့လည်း မျိုးစပါးတွေ ပျက်ခဲ့ရတယ်၊အခုတခါ ထပ်ပျက်တော့ မျိုးစပါးရှာဖို့က မလွယ်တော့ဘူး၊ ရာသီဥ တုကလည်း ရှိသေးတယ်ဆိုတော့ မထွန်နိုင်ဘဲ ချန်လှပ်ထားခဲ့ရမယ့် လယ်တွေတောင် အများကြီး ရှိနိုင်တယ်”လို့ ဓည၀တီတောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်းက ဦးမောင်သိန်းလှက ပြောပါတယ်။

စပါးစိုက်ဧကပေါင်း ၁၂ သိန်းကျော် ရှိတဲ့ ရခိုင်မှာ အခုရေဘေးကြောင့် ဧက ခုနှစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြိုနယ်တို့ဟာ စပါးခင်းပျက်စီးမှု အများဆုံး ရှိခဲ့တဲ့ မြို့နယ်တွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီမြို့နယ်တွေဟာ ပြီးခဲ့တဲ့ မိုခါမုန်တိုင်းတိုက်ခတ်မှုမှာလည်း ထိခိုက်မှုများပြားတဲ့ မြို့နယ်တွေထဲပါဝင်ပါတယ်။

ဒါ့အပြင် ရေဘေးကြောင့် ကျွဲ၊ နွား၊ ဆိတ်၊ ၀က် အကောင်တရာကျော် သေဆုံးခဲ့ကာ တံတား ၃ စင်း၊ တာတမံ ၅ ခု ပျက်စီးခဲ့ရတယ်လို့ AA က ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဩဂုတ်လဆန်းပိုင်းကနေ ဩဂုတ်လ ၁၀ ရက်လောက်အထိ တောင်ကုတ်၊ သံတွဲ၊ အမ်းနဲ့ ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ မြစ်ရေ မြင့်တက်ကာ စစ်ရှောင်စခန်းတွေ၊ရိုဟင်ဂျာစခန်းတွေအပါအဝင် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း ရခိုင်က ပြည်သူ ဆယ်သိန်းခွဲကျော် ထိခိုက် ခဲ့ရပြီး အများစုဟာ အရေးပေါ်အကူအညီတွေလိုအပ်နေကြဆဲဖြစ်တယ်လို့ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။

မိုခါမုန်တိုင်းသင့်သူတွေထဲက လေးပုံတပုံလောက်ဟာအမိုးအကာအောက်ပြန်မရောက်သေးဘူးလို့ ရခိုင့်တပ်တော် AA ကဖွဲ့စည်းထားတဲ့ မုန်တိုင်းဘေးတုံ့ပြန်ရေးကော်မတီက ဇူလိုင်လလယ်ပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။