အခုနှစ်အတွင်း မြို့နယ်တရားရုံးပေါင်း တရာအထိဖွင့်ဖို့ NUG တရားရေးဝန်ကြီးဌာန ဆောင်ရွက်နေ

သြဂုတ်၊ ၁၄
 
အခုနှစ်အတွင်း နိုင်ငံတဝန်းမှာ မြို့နယ်အဆင့် တရားရုံး တရာအထိ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြို့နယ်တရားသူကြီးတွေ တွေ့ဆုံတဲ့ အစည်းအဝေးကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ရာမှာ ဝန်ကြီးဦးသိန်းဦးက အထက်အပါအတိုင်း ပြောတာဖြစ်ပါတယ်။
 
တော်လှန်ရေးကာလ အတွင်း မဖြစ်သင့်တဲ့ မှုခင်းတွေဟာ တရားရုံးတွေ မရှိသေးတဲ့ နေရာတွေမှာသာ အဖြစ်များနေတယ်လို့လည်း NUG တရားရေးဝန်ကြီးက ဆိုပါတယ်။
 
မြို့နယ်တရားရုံးတွေ တိုးချဲ့ဖွဲ့စည်းနိုင်မှုဟာ နွေဦးတော်လှန်ရေး အောင်မြင်မှု အတွက်လည်း အထောက်အကူ ပြုနိုင်မှာဖြစ်ပြီး တော်လှန်ရေးရင့်ကျက်လာတာနဲ့အမျှ တရားစီရင်ရေး လုပ်ငန်းတွေဟာလည်း ရင့်ကျက်လာဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။
 
နွေဦးတော်လှန်ရေးကာလအတွင်း အချင်းချင်းဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တရားရုံးတွေအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးဦးသိန်းဦးက ဆိုပါတယ်။
 
ဒါ့အပြင် တရားစီရင်ရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် တရားရေးဌာနအတွင်း ဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာဖို့အပြင် တရားခံဖမ်းဆီး၊ မှုခင်းတွေ ဖော်ထုတ်ပေးနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေစိုးမိုးမှု ရရေး ဆောင်ရွက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတယ်လို့ သူက တိုက်တွန်းပါတယ်။
 
လက်ရှိတရားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိအထိ မြို့နယ်တရားရုံးပေါင်း ဘယ်လောက်အထိ ဖွင့်ထားနိုင်ပြီဆိုတာ အရေအတွက်တိတိကျကျ မသိရပေမယ့် အဲ့ဒီဌာနမှတ်တမ်းတွေအရ မြို့နယ် ၂၈ ခုမှာ မြေပြင်တရားရုံးတွေ ရှိနေတယ်လို့ တွေ့ရပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ တရားရုံးတွေအနေနဲ့ အခုနှစ်ဇွန်လအထိ တရားမမှု ၇၄ မှုနဲ့ ရာဇဝတ်မှု ၃၀၆ မှုကို လက်ခံစစ်ဆေးခဲ့ပြီး အမှုပေါင်း နှစ်ရာကျော်ကို ပြီးပြတ်အောင် ဆောင်ရွက်ပြီးဖြစ်တယ်လို့ NUG တရားရေးဌာနက အခုလဆန်းမှာပဲ ထုတ်ပြန်ထားပါသေးတယ်။
 
တရားစီရင်ရေးလုပ်ငန်းကို ဘေးကင်းကင်း ဆောင်ရွက်နိုင်တဲ့ ဒေသတွေ ကျယ်ပြန့်လာတာနဲ့အမျှ တရားသူကြီး၊ ဥပဒေအရာရှိနဲ့ ရှေ့နေရှေ့ရပ် လိုအပ်ချက်လည်း မြင့်တက်လာနေတယ်လို့ NUG တရားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
 
ဓာတ်ပုံ – Social Media