သြဂုတ်၊ ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့လယ်ခေါင်မှာ သြဂုတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက နေအိမ်အနီးမှာ အမှိုက်ရှင်းနေတဲ့ အရပ်သားတဦး မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက DNA သတင်းဌာနကို ပြောကြပါတယ်။
” အောင်ဘီယာဆိုင် နဲ့ Holiday Villa ဆိုင်ကြားမှာ ကွဲတာ။ မိုင်းက နင်းမိုင်းဗျ။ အမှိုက်ထဲမှာ ထောင်ထားတာကို နင်းမိတာ။ သူက သူ့အိမ်နားဆိုတော့ အမှိုက်ရှင်းတာပေါ့ ” လို့ နီးစပ်သူမြို့ခံတဦးက ပြောပါတယ်။
ကလေးမြို့မှာဒီလ ၈ ရက်က ကလေး-လက်ပံချောင်း လမ်းကြီးပေါ်မှာ မြေမြုပ်မိုင်း နင်းမိတာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တဦး အသက်ဆုံးရှုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။
မိုင်းမိပြီး အသက်ဆုံးရှုံးသူဟာ အသက် သုံးဆယ့်ကိုးနှစ်အရွယ် ကိုလွမ်လန်းထန် Pa Lun Lam Thang ဖြစ်ပြီး မိုင်းဒဏ်ကြောင့် ခြေနှစ်ဖက်ပြတ်ကာ သွေးထွက်လွန်တဲ့အတွက် ဆေးရုံမရောက်မှီ သေဆုံးသွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
နင်းမိုင်းပေါက်ကွဲခဲ့တဲ့ နေရာဟာ ကလေးမြို့အဓိက ဗိုလ်ချုပ်လမ်းမကြီး ဘေးမှာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပြီးနောက် သိပ်မကြာမီမှာပဲ အဲဒီမိုင်းဟာ သူတို့ထောင်ထားတာ မဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ယက်မှာ ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဒီလိုနင်းမိုင်းတွေကို လမ်းဘေးတွေမှာ ထောင်ထားတာတွေကို တွေ့ရှိရတဲ့အတွက် အများပြည်သူတွေ သတိထားကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက ဆက်လက်နှိုးဆော်ထားပါတယ်။
ဒီကနေ့ ပေါက်ကွဲခဲ့တဲ့ မြေမြှပ်မိုင်းဟာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပေမယ့် DNA သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ၂၈၈ ဦးထိခိုက်ပြီး ၁၀၂ ဦးသေဆုံးကာ ၂၀၂၂ ခုနှစ်မှာတော့ ၃၉၀ အထိ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်၊ မိုင်းအသုံးပြုမှု တားဆီးရေး စာချုပ်ကို လက်မှတ်ရေးထိုးထားတာ မရှိသလို လက်ရှိမှာ စစ်ကောင်စီတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ မိုင်းကို အသုံးပြုနေကြပါတယ်။
ဓာတ်ပုံ – CJ