ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ နှစ်ဆယ်ကျော်ပျောက်ဆုံးနေ

သြဂုတ်၊ ၁၃
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနမှော်မှာ သြဂုတ်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်းက မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ နှစ်ဆယ် နီးပါးနဲ့အထက် ပျောက်ဆုံးနေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
 
“ အခုလောလောဆယ်တော့ လေးဦးလောက်ကို ဆေးရုံပို့ထားရတယ်။ ပျောက်ဆုံးနေတဲ့သူကတော့ နှစ်ဆယ်ကျော်လောက်ရှိမယ််လို့ ပြောနေတာပေါ့ စာရင်းကတော့ သေချာမသိရသေးဘူးပေါ့။ အခုက ဟိုလူပြောဒီလူပြောပဲ ရှိသေးတာ၊ ကျောက်ရှာနေရင် မြေပြိုကျတော့ အကုန်ပါသွားတဲ့သဘောပါ ” လို့ သူကဆိုပါတယ်။
 
လက်တလောအဲဒီ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရလူစာရင်းအရေအတွက်ကို တိတိကျကျမသိရသေးပဲ DNA သတင်းဌာနက ဆက်လက် စုံစမ်းမေးမြန်းနေဆဲလည်းဖြစ်ပါတယ်။
 
ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနမှော်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်း တခုမှာရှိမြေစာပုံတပုံဟာ ဒီကနေ့နေ့လယ် ၃ နာရီလောက်မှာ ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတွေ ပျောက်ဆုံးတာတွေရှိနေတာပါ။
 
“ မြေစာတွေက ပြိုကျတော့ အောက်မှာရှိနေတဲ့ ရေတွေက ကန်သဘောဖြစ်နေတာဆိုတော့ သူကရေလှိုင်းနဲ့ လူတွေကို အောက်ရိုက်ချသလို ဖြစ်တာပေါ့။ အခုတော့ ရှာဖွေရေးက မလုပ်နိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မလွယ်သေးဘူးလေ။ ရေတွေက နွံတွေဖြစ်နေတာဆိုတော့ စက်ယန္တယားတွေနဲ့ ရှာမှ အဆင်ပြေမယ် ” လို့ လူမူကူညီရေး လုပ်ကိုင်သူ တဦးကပြောပါတယ်။
 
လက်ရှိ ဖားကန့်ဒေသမှာရှိနေတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အားလုံးဟာ ပြီးခဲဲ့တဲ့ဒီချုပ် အစိုးရလက်ထက်ကတည်းက သက်တမ်းကုန်ဆုံးနေပြီး ဖြစ်နေပေမယ့် စစ်အာဏာသိမ်းပြီးနောက် လုပ်ကွက်အများစုက ပြန်လည်လုပ်ကိုင်နေကြတာပါ။
 
ဖားကန့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွေဟာ မိုးတွင်းကာလမှာ အခုလိုပဲ မကြာခဏ မြေစာပုံတွေ ပြိုကျတတ်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေလည်း သေဆုံးတာတွေ ပျောက်ဆုံးတာတွေ ရှိတတ်ပါတယ်။
 
ဒီလအစောပိုင်းတုန်းကလည်း ဖားကန့်ဒေသ မှော်စီစာကျေးရွာ၊ သာယာကုန်းမှော်ကွက်မှာ ကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။
 
ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်း ထုတ်လုပ်ပေးနေတဲ့ ကချင်ပြည်နယ်မှာ မြေစာပုံပြုကျလို့ တနိုင်တပိုင် ရေမဆေးကျောက်ရှာဖွေသူ အပါအဝင် နှစ်စဉ်ရာနဲ့ချီပြီး သေဆုံးနေတာလည်း ဖြစ်ပါတယ်။
 
Global Witness လို့ခေါ်တဲ့ နိုင်ငံတကာသဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့ ကတော့ မြေစာပုံပြိုကျပြီး သေဆုံးတာဟာ အစိုးရက တာဝန်မဲ့ ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်လို့ ဖြစ်တယ်လို့ ၂၀၂၀ ပြည့်နှစ်က ထောက်ပြဖူးပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ဖားကန့် မြို့နယ်၊ ဝေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းက မြေပြိုကျတာကြောင့် လူပေါင်း ၁၇၀ ထက်မနည်း သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီးမှာ Global Witness က ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
Website တွင် ကြည့်ရှုရန် >>>
 
ဓာတ်ပုံ – Hkrit nan she re lo ya sha / Facebook