လက်ပံတန်းမှာ စရဖ သတင်းပေးဆိုသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၁၃

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့ပေါ်မှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ )သတင်းပေးဆိုသူ အမျိုးသားတဦး ကို သြဂုတ်လ  ၁၂ ရက်၊မနက် ၉ နာရီခန့်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ ဆယ်ပေ အကွာလောက်ကနေပစ်လိုက်တာ သူ့ကို ၊အပေါ်ကနေပစ်လိုက်တာနားထင်ကိုထိပြီးသေသွားတာ “ လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂  တာဝန်ရှိသူတဦးကပြောပါတယ်။

လက်ပံတန်းမြို့ပေါ် ၁ လမ်း၊ တာဆုံအနီး စိန်စံပယ်ဦး လက်ဖက်ရည်ဆိုင်အနီး မှာ PDF တွေက ပစ်ခတ်ခဲ့တာကြောင့် စရဖ သတင်းပေးသူ မှုခင်းရှုထောင့်သတင်းဌာန၊ မြို့နယ် အတွင်းရေးမှုး အသက် ခြောက်ဆယ်အရွယ် ဦးကျင်ထွေး နားထင်ထိမှန်ပြီးသေဆုံးခဲ့တာပါ။

သေဆုံးခဲ့သူ ဦးကျင်ထွေးဟာ ရဲထွက်တဦးဖြစ်ပြီး   လက်ရှိမှာ  မှုခင်းရှုထောင့် သတင်းဌာနရဲ့ မြိုနယ်အတွင်းရေးမှူး၊ သတင်းထောက်တာဝန်ယူထားကာ စစ်ကောင်စီအလိုကျ ဒေသအတွင်း ဝါဒဖြန့်တာတွေ လုပ်ဆောင်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒေသခံတွေကို စစ်ကောင်စီထံသတင်းပေးတိုင်ကြားတာ၊ ဖမ်းဆီးခိုင်းတာ ၊နှိပ်စက်တာတွေလုပ်ဆောင်လေ့ရှိပြီး တော်လှန်ရေး အဖွဲ့တွေရဲ့ တည်နေရာတွေနဲ့သတင်းအချက်အလက်တွေ ကိုထောက်လှမ်းလေ့ရှိတာကြောင့်  ပစ်ခတ်ခဲ့တာလို့အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ပစ်ခတ်ခံရသူဟာ အရင်က ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဒေသခံလူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြောင်းသတင်းပေးဖို့စည်းရုံးတာတွေလုပ်ဆောင်တာရှိတယ်လို့ ဒေသခံတွေကလည်းပြောကြပါတယ်။

” ဒီရက်ပိုင်းထဲမှာ ဆက်တိုက် PDF တွေကို သတင်းပေးခိုင်းမယ် ။အောင်မြင်ရင် ငါးသိန်းပေးမယ်ပေါ့။လူငယ်တွေကို ပတ်စည်းရုံးနေတာတွေသူကလုပ်တယ်ဗျ။လူငယ်တွေကတော့ မပြောတတ်ဘူးဗျာ။ သူကတော့ပတ်စည်းရုံးနေတယ် ။အရင်ကရဲဲဗျရဲပြုတ်ပေါ့’’ လို့ ဒေသခံ တဦးက ပြောပါတယ်။

အဲ့ဒီလို ဦးကျင်ထွေးကို ပစ်ခတ်စဉ် အနောက်မှာ  ရှိနေတဲ့ လမ်းသွားလမ်းလာ အရပ်သားတဦးလည်း သေနတ်ကျည်ဆန်ထိမှန်  ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေက ပြောကြပါတယ်။

“ ဦးကျင်ထွေးကို ပစ်တော့ အနောက်မှာ ရပ်နေတဲ့ကောင်လေးပေါ့။သူက သူ့အကိုကို လာကြိုတာ စောင့်နေတာ ။စောင့်နေရင်းနဲ့ ဦးကျင်ထွေးကို ပစ်တဲ့ကျည်က နီးလို့ထင်တယ် ဖောက်ပြီးသူ့ကိုလာမှန်တာ ဗိုက်ကိုလျှပ်ပြီးပေါင်မှာကျည်စိုက်ဝင်သွားတာ “လို့အဲဒီဒေသခံက ဆိုပါတယ်။

ကျည်ထိမှန်ခဲ့တဲ့အမျိုးသားဟာ လက်ပံတန်းမြို့နယ် ၊ ခမုံရှစ် အုပ်စု၊ မြင်ကဝ မှာနေထိုင်တဲ့အသက် ၂၈ နှစ်အရွယ် ကိုသက်မောင်မောင်ဆိုသူ ဖြစ်ပြီး ဝမ်းဗိုက်နဲ့ ပေါင်တို့မှာ ဒဏ်ရာရပြီးလက်ရှိ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄ )နဲ့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါင်းလေး အဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက်လက်ပံတန်းမြို့ပေါ် (၁)လမ်းအနီးက ဆိုင်ကယ်မောင်းနှင်းသူ၊ အိုဝေးမောင်းနှင်သူ တွေနဲ့ စိန်စပယ်ဦး လက်ဖက်ရည်ဆိုင်နဲ့ ရုပ်ရှင်ရုံက အလုပ်သမား နှစ်ဆယ်ထက်မနည်းကို လက်ပံတန်းရဲစခန်းမှာ ခေါ်ယူစစ်ဆေးတာတွေပြုလုပ်ပြီးဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝရက်ကလည်း ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့နယ်၊ကန်ငယ်အုပ်စု ၊သာကဒိုးရွာက စစ်ကောင်စီ သတင်းပေးဆိုသူ  ကိုကျော်သူအောင်နဲ့ ကိုသန်းတိုးအောင်တို့ကို  ရန်ကုန်-ပြည်လမ်းဘေး နတ်ပုတီးရွာအနီး ကုန်စုံဆိုင်မှာ PDF တွေက ပစ်ခတ်ခဲ့လို့ ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။