ဘုတလင်မှာစစ်ကောင်စီတပ်က ဖမ်းဆီးထားသူကိုးဦး ထဲက PDFနှစ်ဦးကို ပစ်သတ်ခဲ့

သြဂုတ် ၊ ၁၃

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်က  စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစားခံကို ဦးထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်( PDF) နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ အဲ့နေ့က ဖမ်းခံရတဲ့ ကိုးဦးထဲမှာ အရင်ကပြောခဲ့တာက ရဲဘော်နှစ်ဦးပဲထင်တာ ။တကယ်တော့ သုံးဦးပါသွားတာ။သုံးဦးကိုမှ နှစ်ဦးကို က လမ်းမှာသတ်သွားတာ။ မနေ့က တဦးကတော့ မသိသေးဘူး။ ကျန်တဲ့သူတွေအခြေနေလည်းမသိရသေးဘူး’’ လို့  လုံခြုံရေးအရ အမည်မဖော်လိုသူ ဘုတလင်မြို့နယ် ဒေသခံတဦးကဆိုပါတယ်။

 စစ်ကောင်စီတပ် အင်အား ရှစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်က မောင်းထောင်ရွာကို စစ်ကြောင်းထိုးဝင်လာပြီးမောင်းထောင်ရွာနဲ့ ကျုံးရွာက  PDF ရဲဘော် သုံး ဦးအပါဝင်ဒေသခံအမျိုးသားကိုးဦးကို ဖမ်းဆီးခဲ့တာပါ။

မောင်းထောင်ရွာကိုစစ်ကြောင်းထိုးပြီးနောက်အဲဒီ စစ်ကြောင်းဟာ ဘုတလင်မြို့၊ကူတော်ရွာမှာ ရှိတဲ့ အထိုင်စခန်းကို ပြန်သွားပြီး ဓားစားခံ ကိုးဦးကိုလည်းခေါ်ဆောင် သွားကာ အပြန်လမ်းမှာပဲ PDF  နှစ်ဦးကို သတ်ပစ်ခဲ့တယ်လို့ အဲ့ဒီဒေသခံကပြောပါတယ်။

“ အဲ့ဒီနေ့က မောင်းထောင်ကိုစစ်ကြောင်းထိုးပြီးကူတော် အပြန်မှာပဲသတ်သွားခဲ့တာ ၊မနေ့က မှ နယ်မြေရှင်းလင်းပြီးလို့သိရတာ “ လို့ ဆိုပါတယ်။

သေဆုံးခဲ့သူ အမျိုးသားနှစ်ဦးဟာ ကျုံးပြည်သူ့ကာကွယ်ရေးတပ်(PDF)က  ဖြစ်ပြီး သြဂုတ်လ ၁၂ ရက် မနေ့ကပဲသဂြိုလ်လိုက်တယ်လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ မနေ့က  သခွတ္တနယ်ကို ထပ်ပြီး စစ်ကြောင်းထိုးလာကာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျ အဆုံး ရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ သခွတ္တနယ်ကျေးရွာကို သုံးကြိမ် မီးရှို့ခဲ့ပြီး အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံသောင်းနဲ့ချီစစ်ရှောင်နေရပါတယ်။

ပုံစာ-ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် သုံး မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ဒေသခံ ၁၉ ဦးကို တွေ့ရစဉ်။