လားရှိုးမြို့မှာစစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ လေးရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲ

သြဂုတ် ၊ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့တွေကြား လေးရက်ဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့  TNLA သတင်းပြန်ကြားရေးတာဝန်ခံအမျိုးသမီး တဦးက DNA ကိုပြောပါတယ်။

“ အဓိကတော့ ထိုးစစ်ပေါ့နော်။ တအာင်းတပ်တွေရှိတဲ့နေရာကို သူတို့ လေယာဉ်ပစ်ခတ်တာတို့၊ နောက်ပြီး ခြေလျင်တပ်ရင်းတွေသုံးပြီး လက်နက်ကြီးပစ်ကူနဲ့ တိုက်ခိုက်တာတွေရှိတယ်။မနေ့ကလည်း လားရှိုးမြို့ ဟိုလောက်ရွာနားမှာ တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်။ ညနေ လေးနာရီခွဲလောက်မှာ စဖြစ်တာပေါ့နော် ။လားရှိုးမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်နေတယ် ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၉ ရက်မှာ လားရှိုှုးမြို့အနီးက TNLA စခန်းတခုကို လေကြောင်းပစ်ကူနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကနေ နှစ်ဖက်တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာလို့လည်း အဲဒီပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်တွေမှာလည်း လားရှိုးမြို့နယ် ၊နမ့်လောင်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၁၁ ရက်နဲ့  ၁၂ ရက်တွေမှာလည်း  ဟိုလောက်ရွာအနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တာပါ။

သြဂုတ်လ ၁၁ ရက် ညနေပိုင်းကလည်း TNLAတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ စကခ(၁၆၊ ခလရ-၆၈၊ ရမခ၊ခလရ-၁၇ )စုစုပေါင်းအင်အား ခြောက်ဆယ် လောက်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၂ ရက်ညနေပိုင်းက လားရှိုးမြို့နယ်TNLA  တပ်မဟာ (၆) စစ်ဒေသ၊ ဟိုလောက်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်က လေကြောင်းကတဆင့် ပစ်ကူပေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သူကဆိုပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှာ အကျအဆုံးတွေရှိခဲ့တယ်လို့ TNLAကထုတ်ဖော်ပြောဆိုထားပေမယ့် အရေအတွက်တိတိကျကျကိုတော့ မသိရသေးဘူးလို့လည်း  ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေ အတွင်းစစ်ကောင်စီဘက်က လက်နက်ခဲယမ်းအများအပြားကိုလည်း TNLAတပ်ဖွဲ့ ကသိမ်းဆည်းရမိတာတွေရှိပြီးသူတို့ဘက်က ထိခိုက်ကျဆုံးတာမရှိခဲ့ဘူးလို့ TNLA သတင်းပြန်ကြားရေးက တာဝန်ခံအမျိုးသမီးကဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေကြား ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲ ပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ (TNLA) ကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့  TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက် ကျေးရွာတွေက ဒေသခံ တချို့က စစ်ရှောင်တာတွေရှိနေပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာနေရာအနီးကို စစ်ကူအင်အား အများအပြားပို့ဆောင်နေပြီး အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေတာကြောင့် နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Photo_ TNLA