ကလေးမြို့မှာစစ်ကောင်စီတပ်လက်ချက်နဲ့ သားအမိနှစ်ယောက် သေဆုံး

သြဂုတ် ၊ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း အင်ဒိုင်းကုန်းရပ်ကွက်နဲ့ စက္ကန့်ကျေးရွာကြား ကျောက်ခွဲစက်အနီး  ဩဂုတ်လ ၁၂ ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက  သားအမိကိုနှစ်ယောက်ကိုသတ်ပြီး အလောင်းကိုမီးရှို့ထားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

” ဘယ်လိုအကြောင်းကြောင့်အသတ်ခံရတယ်ဆိုတာမသိဘူး။ မြို့လှက ဓားစာခံဖမ်းထားတဲ့ ၁၅ ယောက်လောက်ကိုကျ ပြန်လွှတ်ပေးပြီး သူတို့သားအမိကိုကျ ဘာဖြစ်လို့သတ်ပစ်တာလည်းမသိဘူး။ ဗမာစကားပြောတာမတက်လို့လား။ စကားပြောမတက်ရုံနဲ့တော့လည်း ဒီအသက်အရွယ်အမျိုးသမီးကြီးကိုတော့ သတ်စရာမလိုဘူး” လို့ဒေသခံတဦးကပြောပါတယ်။

သေဆုံးတဲ့ သားအမိနှစ်ဦးဟာ ကျွန်းချောင်းကျေးရွာက အသက် ငါးဆယ်အရွယ် ဒေါ်ဟွေးအီနဲ့ အသက်သုံးဆယ်အရွယ်ကိုစမူအဲယ်တို့ဖြစ်ပြီး ကလေးမြို့ကိုဆေးခန်းပြဖို့လာတဲ့အချိန်မှာ စစ်ကောင်စီစစ်ကြောင်းကသတ်ကာ ရုပ်အလောင်းတွေကို သူတို့စီးလာတဲ့ဆိုင်ကယ်နဲ့တကွ မီးရှို့ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အထိကလေးမြို့ အနောက်ပိုင်းကို စတင်စစ်ကြောင်းထိုးခဲ့တဲ့အတွက် မြို့လှ၊မွန်ထာ၊အင်ဒိုင်းကုန်းနဲ့ စက္ကန့်ကျေးရွာက ဒေသခံတွေ တိမ်းရှောင်ခဲ့ရပါတယ်။

သုံးရက်တာကာလအတွင်း စစ်ကောင်စီတပ်လက်ချက်နဲ့ အရပ်သားသုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရကာကဒေသခံနှစ်ဆယ်ဝန်းကျင်ကိုလည်း ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

 လူသားဒိုင်းအဖြစ်ဖမ်းဆီးအသုံးပြုခံရသူတွေကို  သြဂုတ် ၁၂ ရက်ညနေပိုင်းမှာပြန်လွတ်ပေးခဲ့ပြီး စခန်းအထိုင်ချထားတဲ့ ကလေးမြို့နယ်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။

ပြန်လည်ဆုတ်ခွာလာတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကို သြဂုတ် ၁၂ ရက်ညပိုင်း ကလေးမြို့၊တာဟန်းရပ်ကွက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကလေးမြို့ထဲကိုပြန်လည်ဆုတ်ခွာသွားပေမယ့် မြို့လှ၊မွန်ထာ၊အင်ဒိုင်းကုန်းနဲ့ စက္ကန့်ကျေးရွာတွေက ရှောင်ပြေးလာတဲ့ဒေသခံတွေဟာ ရွာတွေထဲကိုပြန်လည်ဝင်ရောက်ခြင်းမရှိဘူးလို့သိရပါတယ်။

” ရွာထဲမှာကျန်နေခဲ့သူတွေကတော့ ရွာထဲမှာအတိုင်းနေကြပေါ့။ ရှောင်ပြေးခဲ့တဲ့သူတွေကတော့ရွာကိုပြန်ဝင်ဖို့ နှစ်ရက်လောက်စောင့်ရဦးမယ်။ စကစ(စစ်ကောင်စီ)ကမိုင်းတွေထောင်ထားခဲ့တာတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီးမှဝင်ရမှာ” လို့ ဒေသခံတဦးကပြောပါတယ်။

Photo_ CJ