ပေါင်မြို့နယ်မှာ ရဲတဦးပစ်ခတ်ခံရပြီးသေဆုံး

ဩဂုတ်၊ ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပန်းကုန်းကျေးရွာမှာ ဒီကနေ့ ညနေပိုင်းကအရပ်ဝတ်နဲ့သွားလာနေတဲ့ ရဲတပ်သားတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ ဆိုင်ကယ်စီးလာရင်းနဲ့ နောက်ကနေ ပစ်ခံထိသွားတာ၊ ကျွန်တော်တို့ ပြောရင် ပန်းကုန်း ဦးကရင်ထမင်းဆိုင်အကွေ့မှာ ဖြစ်သွားတာ၊အဲဒီမှာပဲ လဲကျပြီး သေသွားတာ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးသွားသူဟာဇင်းကျိုက်နယ် မြေရဲစခန်းကရဲတပ်သား ထွန်းနိုင်လင်းဖြစ်ပြီး ပန်းကုန်းနဲ့ ကတွန်ကျေးရွာ နယ်ထိန်းအဖြစ် တာဝန်ပေးခံထားရသူလည်းဖြစ်တယ်လို့ ဇင်းကျိုက်ရဲစခန်းနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ရဲတပ်သား ထွန်းနိုင်လင်းရဲ့ ခန္ဓာကိုယ်အနှံ့မှာ ကျည်ဖောက်ထွင်းဒဏ်ရာသုံးချက်ရရှိကာအခင်း ဖြစ်ရပ်နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။

“အလုပ်ကိစ္စတခုသွားပြီး ဇင်းကျိုက်စခန်းကို အပြန်မှာ ပစ်ခံရပြီး သေသွားတာ၊အခု ရုပ်အလောင်းက ဆေးရုံမှာပါ” လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦး က ပြောပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးသလို DNA အနေနဲ့ အတည်ပြုပေးနိုင် ဖို့ ဒေသတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေအင်အားအများအပြားနဲ့ ရောက်လာပြီး ပန်းကုန်းကျေးရွာရှိ လမ်းပိုင်းတချို့နဲ့ အဝေးပြေးကားလမ်းတလျှောက်ကို ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေ လုပ် ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကလည်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တဆိုင်မှာ ထိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သားအမျိုးသားတဦးကို အမည်မသိလူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့လို့ နေရာမှာပဲသေဆုံးခဲ့ပါသေးတယ်။