ကလေးနယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးသေနတ်တလက်ရတယ်လို့ ပကဖပြော

 

 

သြဂုတ် ၊ ၁၂

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းကျေးရွာတွေနားမှာ မနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး သေနတ်တလက်ကို သိမ်းဆည်းရရှိထားတယ်လို့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးကDNA ကို ပြောပါတယ်။

“ဒီကနေ့ မနက်ပိုင်းအထိ စကစဘက်က လက်နက်ကြီးတွေနဲ့ ထုနေတာရှိသေးတယ်၊ အခုတိုက်ပွဲဖြစ်တဲ့ နေရာ ကလည်းကျွန်တော်တို့နဲ့ သူတို့နဲ့ နယ်မြေစိုးမိုးဖို့လုပ်နေကြတဲ့နေရာပေါ့၊ပြောရမယ်ဆိုရင်နှစ်ဖက်အားပြိုင်နေတဲ့ သဘောပေါ့ တိုက်ပွဲကတော့ မနေ့က တစ်နေကုန်ဖြစ်ခဲ့တာပါ ” လို့ သူကပြောပါတယ်။

ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ ထိုးစစ်      ဆင်ဝင်ရောက်လာတာဖြစ်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် အဲဒီအနီးနားက အင်တိုင်ကုန်း၊ မြို့လှ၊ မွန်ထှာ၊ စက္ကန့် စတဲ့ ကျေးရွာ လေးရွာက ဒေသခံ သုံးရာနီးပါးလောက် ကလေးမြို့ပေါ်နဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေ၊ဆွေမျိုးနေအိမ်တွေမှာ စစ်ရှောင် နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာကလူတွေကိုတိုက်ပွဲတွေမဖြစ်ခင်ကတည်းက ကြိုပြီးတော့ ရှောင်နေဖို့သူတို့(PDF)က သတိပေးထားတယ်၊ ကြိုရှောင်နေကြတော့ အရပ်သားထိခိုက်မှုတော့ မရှိဘူးပေါ့၊ရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တွေနဲ့ ဘုရား ကျောင်းပျက်သွားတယ်လို့တော့ ကြားတယ်၊ရွာတော့ ပြန်လို့မရသေးဘူး ” လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အနီးအနားက ကျေးရွာတွေကို ကလေးမြို့ပေါ်မှာ အထိုင် ချထားတဲ့ တပ်ကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူပေးခဲ့သလို အဲဒီလက်နက်ကြီးကျည်ကြောင့် စက္ကန့် ကျေးရွာက ခရစ်ယာန်ဘုရားကျောင်း နဲ့ နေအိမ်တချို့ထိခိုက်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်တာမရှိသေးပေမယ့် စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ် ရေးအဖွဲ့ တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ကလေး မြို့ ပကဖ အဖွဲ့ဝင် တဦးကဆိုပါတယ်။

နှစ်ဘက် တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေစဉ်အတောအတွင်း  ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကလေးမြို့နယ်မှာ ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။

မနေ့က ကလေးနယ်တောင်ပိုင်းမှာ တိုက်ပွဲမဖြစ်မီ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသမီးကတော့စိတ်ကျန်း မာရေးမကောင်းသူတဦးဖြစ်တယ်လို့ ဒေသခံတွေက DNAကိုပြောထားပါတယ်။

photo ဆလိုင်း

ပုံစာ- စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရားကျောင်း