သြဂုတ်၊ ၁၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ခံ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတဦးက လုယက်သတ်ဖြတ်ခဲ့ပြီး အဲဒီတပ်သားကို ရဲက ဖမ်းမိပြီးနောက် သက်ဆိုင်ရာတပ်ကို ပြန်လွှဲပေးလိုက်တယ်လို့ မြို့ခံတွေနဲ့ ရဲစခန်းနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။
တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးစံသိန်းအောင်ဆိုသူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ညနေပိုင်းက သူရဲ့ မွေးမြူရေးကြက်ခြံ ကနေအပြန် လမ်းခုလပ်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။
သေဆုံးသူရဲ့ လက်ကိုင်ဖုန်းလည်း ပျောက်ဆုံးနေခဲ့တာကြောင့် ရဲတွေက အဲ့ဒီလက်ကိုင်ဖုန်းကတဆင့် တရားခံကို ဖမ်းမိဖို့ကြိုးစားခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်တဲ့ တောင်ကုတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
” ဖုန်း password လာဖြည်တဲ့သူတွေကို ဖုန်းဆိုင်တွေကနေတဆင့် ထောင်ဖမ်းလိုက်တာမှာ မိတာ၊ အဲဒီလူက စစ်သားဖြစ်နေတယ်၊ ရဲစခန်းကလည်း စစ်သားဆိုပြီး ပြောတယ်၊ အခုကျတော့ အဲစစ်သားကို သူ့တပ်ထဲကို ပြန်လွှတ်လိုက်ပြီ ” လို့ သူက ပြောပါတယ်။
သေဆုံးသူရဲ့ လက်ကိုင်ဖုန်းကတဆင့် ခြေရာခံဖမ်းဆီးရာက ဖမ်းမိသူဟာ တောင်ကုတ်အခြေစိုက် ခမရ (၃၄၆) တပ်ရင်းက စစ်ကောင်စီတပ်သား ဝင်းထွန်းလွင် ဆိုသူဖြစ်ပြီး အခင်းဖြစ်အပြီး နောက်တရက်မှာ သူ့ကိုဖမ်းမိတာလို့ သိရပါတယ်။
” အသတ်ခံရတဲ့ နေရာမှာ ဖိနှိပ်နှစ်ရံ တွေ့တယ်၊ တရားခံက နှစ်ယောက်လို့ ပြောနေကြတယ်၊ အခုက တယောက်တည်းကိုပဲ မိထားသေးတာ၊ နောက်တယောက်လည်း တပ်ကပဲ ဖြစ်မှာပေါ့ ” လို့ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ရဲတွေက ဖမ်းဆီးပြီး ခမရ (၃၆၄) တပ်ရင်းကို ပြန်လွှဲပေးလိုက်တဲ့ စစ်ကောင်စီတပ်သားကို ဘယ်လိုအရေးယူထားတယ်ဆိုတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရပါဘူး။ အဲဒီအခြေအနေကို မေးမြန်းနိုင်ဖို့ တောင်ကုတ်ရဲစခန်းကို DNA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
” စစ်သားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ထိထိရောက်ရောက် ဥပဒေအတိုင်း အရေးယူရမယ်၊ တပ်ထဲကို ရောက်သွားရင် သူ့ကို ပြန်လွှတ်ပေးလိုက်မလား ဆိုတာလည်း ရှိသေးတယ် ” လို့ တောင်ကုတ်မြို့ခံတဦးက ပြောပါတယ်။
ခေတ်အဆက်ဆက် အစိုးရတွေ လက်ထက်အတွင်း ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကို ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေအရ စစ်တရားရုံးတွေကသာ စစ်ရေးစီရင်လေ့ ရှိပါတယ်။ အဲဒီဥပဒေအရ အလွန်နည်းပါးတဲ့ ချွင်းချက် အခြေအနေတချို့ကလွဲလို့ ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကို အရပ်ဘက်ဥပဒေတွေအရ စစ်ဆေး၊ စီရင်လေ့ မရှိပါဘူး။
ဒါပေမယ့် စစ်တရားရုံးတွေဆီ လွှဲပြောင်းပေးလိုက်ရတဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ ဘယ်လိုအရေးယူတယ်ဆိုတာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်လေ့ မရှိတာကြောင့် စစ်ဆေးစီရင်မှု အခြေအနေတွေကို သိရဖို့ ခဲယဉ်းတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရ သက်တမ်းနှစ်ခုအတွင်း စစ်သားတွေ ကျူးလွန်ခဲ့ကြောင်း လူသိရှင်ကြား ဖြစ်ခဲ့တဲ့ ပြစ်မှုတချို့ကိုတော့ ဘယ်လိုစစ်ဆေးစီရင်တယ်ဆိုတာ စစ်တပ်က ထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး တပ်တွင်းအရေးယူမှု အခြေအနေတွေကိုတော့ ထုတ်ပြန်လေ့မရှိဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေကို အရေးယူတဲ့ အခြေအနေတချို့သာ သတင်းထွက်ပေါ်လာလေ့ ရှိပါတယ်။
ဓာတ်ပုံ – Google