ပေါင်းတည်မှာ စစ်ကောင်စီ သတင်းပေးဆိုပြီး ပစ်ခတ်လို့ နှစ်ဦးသေဆုံး

သြဂုတ်၊ ၁၁
 
ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် မှာ စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသားနှစ်ဦး သြဂုတ်လ ၁၀ ရက်၊ မနက် ၁၁ နာရီခန့်မှာ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေ ဆီကနေ သိရပါတယ်။
 
“ သူတို့က ဒလန်ဆိုတာထက် ပျူဆိုရင် မမှားဘူးဗျ၊ သူ့ကြောင့်ပဲ ကျတော်တို့ ရဲဘော်တွေ ဒုက္ခရောက်တာ များပြီ။ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေပါ။ ကျော်သူအောင်ကို ပစ်ပြီး ပြန်လှည့်တဲ့ချိန် သူတပည့်က နောက်ကနေ သိုင်းဖက်ပြီး ဝင်လုံးလို့ ပစ်လိုက်တာ နှစ်ယောက်လုံး သေသွားပါတယ် “ လို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တာဝန်ရှိသူတဦး က ပြောပါတယ်။
 
ပေါင်းတည်မြို့နယ်၊ ကန်ငယ်အုပ်စု၊ သာကဒိုးရွာက စစ်ကောင်စီ သတင်းပေးဆိုသူ အသက် ၄၅ နှစ်အရွယ် ဦးကျော်သူအောင်နဲ့ တပည့်ဖြစ်သူ ဦးသန်းတိုးအောင်တို့ကို ရန်ကုန်-ပြည်လမ်းဘေး နတ်ပုတီးရွာအနီး ကုန်စုံဆိုင်မှာ PDF တွေက ပစ်ခတ်ခဲ့လို့ ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့တာပါ။
 
သေဆုံးခဲ့သူ ဦးကျော်သူအောင်ဟာ ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီလုံခြုံရေးတွေက ဆိုင်ကယ်တွေကို ဖမ်းဆီးရာမှာ စစ်တပ်ယူနီဖောင်းနဲ့ ရဲယူနီဖောင်းတွေ ဝတ်ဆင်ပြီး ပါဝင်လုပ်ဆောင်လေ့ ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျေးရွာအတွင်း ဒေသခံတွေကို ဒုက္ခပေးနေသူဖြစ်သလို ‌ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တည်နေရာတွေကို လိုက်ပြကာ ဖမ်းဆီးပေးရာမှာ သတင်းပေး ထောက်လှမ်းနေသူ ဖြစ်တယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုပါတယ်။
 
“ သူက စခ၊ ရခ ယူနီဖောင်းတွေ ဝတ်တယ်။ ဆိုင်ကယ်ဖမ်းတဲ့ နေရာလည်း သူပါတယ်။ ရဲဘော်တွေ ခိုအောင်တဲ့ နေရာလည်း စုံစမ်းတယ် သတင်းပေးတယ်။ လာဖမ်းခဲ့ရင်လည်း သူလည်းပါတယ်။ ယူဂျီရဲဘော်တွေ သူ့ကြောင့်ဒုက္ခရောက်တာ များပြီ။ ပြည်သူတွေကိုလည်း ဒုက္ခမျိုးစုံပေးတယ်။ အဲ့ဒါကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ “ လို့ ပြောပါတယ်။
 
ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်သား အင်အား နှစ်ဆယ်ကျော် ရောက်လာပြီး အလောင်းတွေကို ပေါင်းတည်ရင်ခွဲရုံကို ပို့ဆောင်လိုက်ပေမယ့် ကျေးရွာထဲမှာတော့ စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာ မရှိဘူးလို့လည်း ဆိုပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီ တပ်အင်အားအများအပြားနဲ့ ရန်ကုန်-ပေါင်းတည် လမ်းမကြီး ဘေးတလျှောက်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဆိုင်ကယ် နှစ်ယောက်စီး လူငယ်အများစုကို မေးမြန်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – PPDF