သြဂုတ်၊ ၁၁
ကလေးမြို့အနောက်ပိုင်း မြို့လှရပ်ကွက်ဘက်ကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးကို ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြို့လှရပ်ကွက်နဲ့ မွန်ထာကျေးရွာ တွေဘက်ကို မနေ့ကညနေကတည်းက စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ မွန်ထာကျေးရွာ ဒေသခံ စိတ်ကျန်းမာရေးမကောင်းသူကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ သူက စိတ်မနှံ့တော့ အကြောက်အလန့်မရှိဘူး။ စစ်သားတွေက တမင်ပစ်သတ်တာပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါပေမယ့် ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲ့ဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ နှစ်ဘက်တိုက်ပွဲ မဖြစ်ခင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ပစ်ခတ်ခံရတာလို့ ကလေးမြို့အနောက်ပိုင်းကနေ တိမ်းရှောင်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။
နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ချိန်မှာ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားကြပေမယ့် စစ်သားတွေက ရွာထဲရှိနေသူတွေကို ထွက်ခွင့်မပေးတာကြောင့် ပိတ်မိနေသူတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
“ မွန်ထာထဲမှာရော၊ မြို့လှထဲမှာရော ပိတ်မိနေတဲ့သူတွေ အများကြီးရှိနေတယ်၊ မနက်စောစော ရွာအနောက်ဘက်ကနေ တချို့ထွက်ကြတယ်၊ ထွက်တဲ့နေရာ သိသွားတော့ စစ်သားတွေ ရောက်လာပြီး ပိတ်ထားလိုက်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား နှစ်ဘက်တိုက်ပွဲက နာရီဝက်လောက် ကြာခဲ့ပြီး နှစ်ဘက်ထိခိုက်မှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့လှရွာ အနောက်စွန်က နေအိမ်သုံးလုံးကို ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံအမျိုးသား နှစ်ဆယ်ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးထားတယ်လို့ တိမ်းရှောင်လာသူတွေက ပြောပါတယ်။
ဓာတ်ပုံ – Google