မုံရွာမှာ မီးဖွားကာနီးအမျိုးသမီးကို သေနတ်နဲ့ပစ်သတ်သွားတဲ့ ဓားပြတွေကို နာရီပိုင်းအတွင်းဖမ်းမိ

သြဂုတ်၊ ၁၁
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောအင်းစပ်ရပ်ကွက်မှာ ဩဂုတ် ၁၀ ရက်မနေ့က နေ့လယ် ၃ နာရီဝန်းကျင်မှာ ကလေးမွေးဖွားရန် ရက်ပိုင်းသာလိုတော့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တဲ့ ဓားပြတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။
 
“ သေဆုံးသူ အမျိုးသမီးရဲ့ ခဲအို (အမျိုးသားဖြစ်သူရဲ့ အစ်ကို)က ခွေးသွားသိမ်းနေတာ။ အပြင်ကနေ အမည်မသိလူ ခြောက်ယောက်က သေနတ်ပြပြီး တံခါးဖွင့်ခိုင်းတာ။ သေဆုံးသူအမျိုးသမီးက ဘာဖြစ်နေတယ်ဆိုတာ မသိဘဲ အပြင်ထွက်လာချိန်မှာ ပစ်သတ်ခံလိုက်ရတာ “ လို့ Monywa Road Information တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် မအေးငြိမ်းသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ မင်္ဂလာသက်တမ်း တနှစ်ပြည့်ခဲ့ပြီး လာမယ့် ဩဂုတ် ၁၃ ရက်မှာ သားယောက်ျားလေး မွေးဖွားတော့မယ့်ဆဲဆဲ အခုလိုဖြစ်ပွားတာပါ။
 
အနုကြမ်းစီးသူ ဓားပြခြောက်ဦးဟာ အဲဒီနေအိမ်အတွင်း ဝင်ရောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းနှစ်လုံးကို လုယူထွက်ပြေးသွားခဲ့တယ်လို့လည်း သေဆုံးသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
လက်ရှိမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ပြီး ဓားပြတိုက်မှု ကျူးလွန်ခဲ့တဲ့ ခြောက်ဦးစလုံးကို ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တာကြောင့် အသေးစိတ်ကို မကြာခင်မှာ သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ခေါင်းဆောင် ကိုလီယိုက ပြောပါတယ်။
 
အဲဒီ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို ဓားပြတိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေသလို ကျူးလွန်ခဲ့သူတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တဲ့အပေါ်မှာလည်း အများပြည်သူကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။
 
မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ခိုးဆိုးလုယက်မှု ကျူးလွန်သူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိတာကြောင့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး မုံရွာ(ပလဖ)ကနေ စုံစမ်းဖော်ထုတ်အရေးယူတာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခါ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ပြီး ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေ အများအပြား ပြန်လွှတ်ပေးလိုက်တဲ့အပေါ်မှာလည်း ပြည်သူတွေကြားမှာ အမြဲလိုလို ဝေဖန်မှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media