သြဂုတ်၊ ၁၁
နိုက်ဂျားမှာ စစ်တပ် အာဏာသိမ်းမှုကို စစ်ရေးအရ တုံ့ပြန်ဖို့ ပထမအဆင့် ခြေလှမ်းကို အနောက်အာဖရိက ဒေသတွင်း နိုင်ငံတွေကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ကနဦး အနေနဲ့ အနောက်အာဖရိက နိုင်ငံတွေဟာ နိုက်ဂျား ပဋိပက္ခကို စစ်ရေးအရ တုံ့ပြန်နိုင်မယ့် ပူးပေါင်း တပ်ဖွဲ့တခုကို ဖွဲ့စည်းသွားမယ်လို့ အိုင်ဗရီကို့စ် အစိုးရက ကြေညာပါတယ်။ နိုက်ဂျီးရီးယား သမ္မတ ဘိုလာ တင်နူဘူကတော့ နိုက်ဂျား စစ်တပ် အာဏာပြန်စွန့်ရေးကို စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး မလွှဲမရှောင်သာမှသာ စစ်အင်အား အသုံးပြုမယ်လို့ ပြောပါတယ်။
အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)ဟာ ပြီးခဲ့တဲ့လက အာဏာသိမ်းခဲ့တဲ့ နိုက်ဂျားစစ်တပ်ကို အရပ်သား အစိုးရဆီ အာဏာပြန်မအပ်ရင် စစ်ရေးအရ အရေးယူ ခံရမယ်လို့ တင်းတင်းမာမာ သတိပေးထားခဲ့ပါတယ်။ ဒါပေမဲ့ ရာဇသံ သတ်မှတ်ကာလ ကျော်လာတဲ့ထိ နိုက်ဂျားစစ်တပ်က အာဏာမစွန့်တဲ့နောက် အဲဒီ ကိစ္စကို လက်တွေ့ အကောင်အထည်ဖော်ဖို့ Ecowas နိုင်ငံတွေက စတင် ပြင်ဆင်လာတာ ဖြစ်ပါတယ်။
နိုက်ဂျား အာဏာသိမ်း စစ်တပ်ကတော့ ပြည်ပ အင်အားစုတွေ အနေနဲ့ ပြည်တွင်းရေး ကိစ္စမှာ ဝင်မစွက်ဖက်သင့်ဘူးလို့ ပြောကြားထားပါတယ်။ ကုသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုကတော့ ဇူလိုင် ၂၆ ရက်မှာ အာဏာသိမ်း ဖြုတ်ချ ခံရပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုက်ဂျား သမ္မတ မိုဟာမက် ဘာဇိုအွမ်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို စိတ်ပူကြောင်း ပြောပါတယ်။
အခု သီတင်းပတ်ထဲမှာ Ecowas နိုင်ငံတွေ အစည်းအဝေး ကျင်းပပြီးတဲ့နောက် အိုင်ဗရီကို့စ် သမ္မတ အလက်ဆာနီ အော့တာရာက အနောက် အာဖရိက ဒေသတခုလုံးရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်တဲ့ အုပ်ချုပ်မှု အခွင့်အရေးကို ကာကွယ်ဖို့ Ecowasက စစ်ရေးအရ စွက်ဖက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာပါတယ်။
အိုင်ဗရီကို့စ်ဟာ Ecowas ပူးပေါင်း တပ်ဖွဲ့အတွက် စစ်သည် ၈၅၀ ကနေ ၁၁၀၀ ကြား စေလွှတ်မှာဖြစ်ကြောင်း အော့တာရာက အတည်ပြုခဲ့ပြီး နိုက်ဂျီးရီးယားနဲ့ ဘီနင်ကလည်း စစ်တပ်တွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အနောက်အာဖရိကနဲ့ အလယ်အာဖရိက ဒေသတွင်းက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ စစ်အာဏာသိမ်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့နောက် အဲဒီကိစ္စတွေက ကျယ်ကျယ်ပြန့်ပြန့် ပိုမိုကူးစက်လာမှာကို Ecowas အဖွဲ့ဝင် နိုင်ငံကြီးတွေက စိုးရိမ်နေကြောင်း သိရပါတယ်။
Ref: AFP