NCA စာချုပ်ကို စစ်တပ်က ဖျက်ဆီးလိုက်တာကြောင့် လိုက်နာဖို့မလိုတော့ဘူးလို့ KNU ပြော

သြဂုတ်၊ ၁၀
 
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ပြောပါတယ်။
 
” NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁) အခြေခံမူကို နင်းခြေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်၊ အဲ့ နှလုံးသားကို ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ပါဘူး ” လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။
 
KNU ကွန်ကရက် ကျင်းပမှုအပြီး ရက်ပေါင်း တရာပြည့်အနေနဲ့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ မေးမြန်းမှုကို အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက အခုလိုဖြေကြားခဲ့တာပါ။
 
NCA စာချုပ် အခန်း (၁) အခြေခံမူတွေထဲမှာတော့ ” မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဥ်ကျေးမှုသစ်တရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ” ဆိုတဲ့ အချက်အပါအဝင် အချက် ၁၁ ချက်ကို အကောင်ထည်ဖော်ဖို့ သဘောတူကြောင်း ဖော်ပြထားပါတယ်။
 
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရှေ့လုပ်ငန်းစဥ် ငါးရပ်ပါ လုပ်ငန်းစဥ်တရပ်အနေနဲ့ တနိုင်ငံ လုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုထားပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ၂၂ ကြိမ်လုပ်နိုင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးထားပေမယ့် ဆွေးနွေးပွဲ မတက်ခဲ့တဲ့ အဖွဲ့သုံးဖွဲ့ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
 
စစ်ခေါင်းဆောင်က NCA စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း အကောင်ထည်ဖော်ပြီး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းမယ်လို့ အကြိမ်ကြိမ်ပြောနေပေမယ့် NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ရော လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေနဲ့ပါ အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။
 
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ NCA စာချုပ်ကို နိုင်ငံတကာနဲ့ ပြည်သူတွေကို လှည့်ဖြားဖို့အတွက်သာ အသုံးချနေတာလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ကတော့ ဝေဖန်ပါတယ်။
 
” NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စတွေက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး ” လို့ သူကပြောပါတယ်။
 
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဒီချုပ်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ လားဟူဒီမိုကရက်တစ်အစည်းအရုံး နဲ့ မွန်ပြည်သစ်ပါတီတို့ ထပ်တိုးခဲ့ပါတယ်။
 
အဲဒီနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့အထဲပါတဲ့ KNU ၊ ABSDF နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က စစ်ကောင်စီနဲ့ ဆွေးနွေးမှု ဆက်မလုပ်တော့ဘဲ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပါတယ်။
 
ဓာတ်ပုံ – KNU