ဖြူးမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ခုနှစ်ဦးကို PDF လို့စွပ်စွဲသတ်ဖြတ်

သြဂုတ် ၊ ၁၀

ပဲခူးတိုင်း၊ဖြူးမြို့နယ်၊အောက်ကြာအင်းရွာအနီးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိခိုက်အကျအဆုံးများတာကြောင့် ဒေသခံ ခုနှစ်ဦးသတ်ဖြတ်ခဲ့ပြီးရွာကိုမီးရှို့ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“ရွာကိုမီးရှို့တယ် ၊လူသတ်သွားပြီ၊ ရွာသားက ခုနှစ်ဦးသတ်ခံရတာ ၊ခြောက်ဦးက လည်ပင်လှီးသတ်သွားတာ ၊တဦးကမီးရှို့သတ်သွားတာ” လို့  ပဲခူးပြည်သူ့ကာကွယ်ရေး တပ် တာဝန်ရှိသူတဦး ကပြောပါတယ်။

 အင်အား တရာ ကျော်ပါတဲ့  စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားသြဂုတ်လ ၉ ရက်၊ မနေ့က မနက် ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အောက်ကြာအင်းရွာကို  မနက် ၈ နာရီမှာ  မီးရှို့ခဲ့ကာ ဖမ်းမိတဲ့ဒေသခံ ခုနှစ် ဦး ကိုလည်း သတ်ဖြတ်သွားတာပါ။

စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်(PDF  )လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာကြောင့်အောက်ကြာအင်းရွာက ဦးဇော်ဒေါင်း ၊ဦးသန်းစိုး၊ ဦးဝက်မှီးနဲ့ ကိုနိုင်စိုး အပါအဝင် ဒေသခံ  ခုနှစ် ဦးသေဆုံးခဲ့တာပါ။

‘’သူတို့ကတော်တော်ကျသွားတာကို။အလစ်အငိုက်ဆော်ခံရပြီးတော့ ရွာထဲကိုဝင်ပြီး ရွာသားတွေကိုသတ်သွားတာပေါ့။သူတို့က PDF တွေလို့ စွပ်စွဲပြီး  တွေ့တဲ့ပြည်သူသတ်တာပဲ။သူတို့က အဲ့လိုလုပ်နေကျပဲလေ’’ လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်း နဲ့ ညပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက အောက်ကြာအင်းရွာကို နှစ်ကြိမ်မီးရှို့ခဲ့တာကြောင့်  အောက်ကြာအင်းရွာအပါအဝင် အနီးအနားရှိရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကိုရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာအဲဒီစစ်ကောင်စီစစ်ကြောင်းဟာ အောက်ကြာအင်းရွာထဲရှိနေသေးတဲ့အတွက် နေအိမ်မီးရှို့ခံရမှုအရေအတွက်နဲ့ပျက်စီးမှုအခြေအနေအသေးစိတ်ကို အတည်ပြုလို့ မရသေးဘူးလို့ဆိုလည်း ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများခဲ့တာကြောင့် အခုလိုရွာကို မီးရှို့ခဲ့ပြီး ဒေသခံတွေကို သတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

“ ရန်သူလယ်ကွင်းကတတ်လာတာကြီးကို အပိုင်ပစ်ရတာ။ စက်လက်တွေရော၊ အာပီဂျီတွေရော ၊ဖိုတီးတွေရော လက်နက်ငယ်တွေရော ၊ပစ်ရတာ ။  အချီကြီးထိပြီးတော့ ဒီကောင်တွေနာသွားတာ၊နာတော့ ရွာကိုမီးရှို့ခဲ့တာပါ။ သေတာတော့တော်တော်များတယ် ။ထိခိုက်ဒဏ်ရာရတာနဲ့သေတာရှစ်ဆယ်ကျော်လောက် ရှိမယ် “လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီတပ် အထိအခိုုက်အကျအဆုံးအရေအတွက်နဲ့ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA )နဲ့ ပဲခူးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်၊ မနက် ၅ နာရီကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအနီးဝန်းကျင်မှာ  ဖုန်းနဲ့အင်တာနက်လိုင်းတချို့လည်းဖြတ်တောက်ခံထားရတယ်လို့သိရပါတယ်။