စစ်အုပ်စုက စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေ ပိုတိုးကျူးလွန်လာတယ်လို့ ကုလစုံစမ်းရေးအဖွဲ့ပြော

သြဂုတ်၊ ၉
 
မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေက စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှု ပုံစံသုံးမျိုးကို အကြိမ်ရေတိုးပြီး ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း အထောက်အထားတွေ ရရှိထားတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (IIMM) က မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ ဒါမှမဟုတ် အင်အားအလွန်အကျွံသုံးပြီး လေကြောင်းက ပစ်မှတ်ထား တိုက်ခိုက်တာ၊ ဖမ်းဆီးရမိတဲ့ အရပ်သားတွေနဲ့ တိုက်ခိုက်သူတွေကို သတ်ဖြတ်တာ၊ အရပ်သားနေအိမ်နဲ့ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေကို စစ်တပ်က ကျူးလွန်နေတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အရပ်သားအများအပြား သေဆုံးစေတဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်က စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်တာလို့ ဆင်ခြေပေးထားတာပါ။ဒါပေမယ့် တိုက်ခိုက်မှုဖြစ်ချိန်မှာ အရပ်သား အများအပြားရှိနေကြောင်း စစ်တပ်ကသိနိုင်တဲ့ အခြေအနေရှိကြောင်း သက်သေအထောက်အထားတွေကို စုဆောင်းထားတယ်လို့ (IIMM)ကဆိုပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုတွေအရ မရှောင်ရှား၊ မခွဲခြားတဲ့ တိုက်ခိုက်မှု ဒါမှမဟုတ် အင်အားအလွန်အကျွံသုံး တိုက်ခိုက်မှုကို ပုံစံတရပ်အနေနဲ့ ထင်ရှားတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီဖြစ်ရပ် တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဖို့လည်း မြန်မာစစ်တပ်က ထုတ်ပြန်ကြေညာတာမျိုး မရှိဘူးလို့ IIMM က ပြောပါတယ်။
 
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ စွပ်စွဲမှုတွေ ပြင်းထန်လာချိန် ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ IIMM ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာတော့ အဲ့ဒီအချက်အလက်စုဆောင်း ရေးအဖွဲ့ဟာ အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေကိုလည်း စုဆောင်းနေပါတယ်။
 
စုံစမ်းရေးအဖွဲ့ရဲ့ သတင်းအချက်အလက် တောင်းဆိုမှုနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို မြန်မာအာဏာပိုင်တွေက လျစ်လျူရှုထားပေမယ့် သီးခြားလွတ်လပ်တဲ့ ရင်းမြစ်မျိုးစုံဆီက သတင်းအချက်အလက်တွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အထောက်အထားတွေ ရယူစုဆောင်းထားတယ်လို့ IIMM ကပြောပါတယ်။
 
မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ အရပ်သားပိုင် ပစ္စည်းတွေကို အကြီးအကျယ် မီးရှို့ဖျက်ဆီးတာကို ဆက်လက်လုပ်ဆောင်နေပြီး စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နဲ့ ကယားပြည်နယ်တို့မှာ အများဆုံးဖြစ်ပြီး တချို့နေရာတွေမှာတော့ ရွာလုံးကျွတ်မီးရှို့ခံရတာလို့ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
မီးလောင်မှု ဖြစ်စဉ်တွေဟာ မကြာခဏဆိုသလို လူအများအပြား ဖမ်းဆီးမှု၊ သတ်ဖြတ်မှု ဖြစ်ရပ်တွေနဲ့အတူ ဖြစ်ပေါ် လေ့ရှိပြီး နိုင်ငံတဝှမ်းမှာ လူအများအပြား ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်စေတဲ့ အကြောင်းအရာတခု ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
 
အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရမှုနဲ့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ပတ်သက်ပြီး သီးခြား လေ့လာစောင့်ကြည့် မှတ်တမ်းထုတ်ပြန်နေတဲ့ အဖွဲ့အစည်းတွေရဲ့အချက်အလက်တွေအရတော့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အဆောက်အအုံ ၈၂၀၀၀ ဝန်းကျင်ရှိနေပါတယ်။
 
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း အခုနှစ် ဇွန်လကုန်အထိ နိုင်ငံတဝန်းမှာ ဘာသာရေး အဆောက် အ အုံတွေအပါအဝင် နေအိမ်၊အဆောက်အအုံ ၈၂၀၀၀ နီးပါး မီးရှို့ခံခဲ့ရပြီး အဲ့ဒီအထဲက ၂၅၀၀၀ နီးပါးဟာ အခုနှစ် ခြောက်လအတွင်း မီးရှို့ခံရတာလို့ ISP Myanmar အဖွဲ့ရဲ့ သုတေသနစာတမ်းတရပ်မှာဖော်ပြထားပါတယ်။
 
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အခုနှစ် ဇူလိုင်လအထိ အချက် အလက်တွေအရ စစ်ကောင်စီဟာ ငါးဦးထက် ပိုတဲ့ အစုအပြုံလိုက်သတ်ဖြတ်မှု ၁၄၄မှုထက်မနည်း ကျူးလွန် ထားပြီး အဲ့ဒီအထဲက ဖြစ်စဉ်ကိုးဆယ်ဟာ စစ်ကိုင်းတိုင်းအတွင်းကျူးလွန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
 
အဲ့ဒီဖြစ်စဉ်တွေအတွင်း စုစုပေါင်း လူ၁၆၀၀ နီးပါး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းက ၉၂၀ ဦးနဲ့ အများဆုံး ဖြစ်ပါတယ်။ လူအသေအပျောက်အများဆုံး အစုအပြုံလိုက်သတ်ဖြတ်ခံရမှုဟာ စစ်ကိုင်းတိုင်း ကန့်ဘလူနယ် ပဇီကြီးရွာ လေ ကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်ပြီး အဲ့ဒီဖြစ်ရပ်တခုတည်းမှာ လူဦးရေ ၁၅၇ဦးအထိ သေဆုံးခဲ့ပါတယ်။
 
နောက်ထပ် သုတေသနအဖွဲ့တခုဖြစ်တဲ့ ဥာဏ်လင်းသစ်အဖွဲ့ကတော့ စစ်အုပ်စုဟာ ဆန္ဒပြပွဲတွေကိုဖြိုခွင်းတာ၊ လေကြောင်းကတိုက်ခိုက်တာ၊လေကြောင်းအကူအညီနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးနဲ့တိုက်ခိုက်တာ၊နယ်မြေရှင်းလင်းချိန်မှာ အစုအပြုံလိုက်သတ်ဖြတ်တာ၊တံဆိပ်ကပ်သတ်ဖြတ်တာ စတဲ့နည်းလမ်းတွေနဲ့ အစုအပြုံလိုက် သတ် ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ဆိုထားပါတယ်။
 
ဓာတ်ပုံ – CJ