သြဂုတ်၊ ၉
မယ်စကြာဝဠာ အင်ဒိုနီးရှား ပြိုင်ပွဲဝင် အလှမယ်တချို့က သူတို့ဟာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေး အမြတ်ထုတ်တာ ခံခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။
အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သိရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ပြိုင်ပွဲဝင် အင်ဒိုနီးရှား အလှမယ် ၆ ဦးက သူတို့ဟာ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပေါ်ပိုင်း အဝတ်အစားတွေ အကုန် ချွတ်ပြဖို့ ဖိအားပေး ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
စွပ်စွဲထားသူ အလှမယ် ၅ ဦးရဲ့ ရှေ့နေက အမျိုးသမီးတွေဟာ လူပေါင်း ၂၀ ကျော်ရှိတဲ့ အခန်းထဲမှာ ခန္ဓာကိုယ်ကို ကိုယ်ထိလက်ရောက် စစ်ဆေးဖို့အတွက် အဝတ်ချွတ်ပေးဖို့ ပြိုင်ပွဲ စီစဉ်သူတွေက တောင်းဆိုတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးတော့ အလှမယ်တွေရဲ့ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံတွေကိုလည်း ရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဆဋ္ဌမမြောက် အလှမယ် တဦးကပါ အလားတူ ဖြစ်စဉ်အတွက် တိုင်ကြား အရေးဆိုလာခဲ့တာ ဖြစ်ပါတယ်။
ရှေ့နေ အမျိုးသမီး မယ်လစ်ဆာ အန်ဂရေနီကတော့ ဒီလို စစ်ဆေးမှုမျိုးဟာ လုံးဝ မလိုအပ်ဘူးလို့ ကန့်ကွက် ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ မယ်စကြာဝဠာ ပြိုင်ပွဲကို ဦးစီးကျင်းပတဲ့ ကုမ္ပဏီကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်ရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ မယ်စကြာဝဠာလို အလှမယ် ပြိုင်ပွဲတွေ ကျင်းပတာကို အရင်ကလည်း ဘာသာရေး အဖွဲ့အစည်း တချို့က အပြင်းအထန် ကန့်ကွက်မှုတွေ ရှိခဲ့ဖူးပါတယ်။
အခုနှစ် အယ်ဒိုနီးရှား မယ်စကြာဝဠာ ပြိုင်ပွဲကို မြို့တော် ဂျကာတာမှာ ဇူလိုင် ၂၉ ကနေ ဩဂုတ် ၃ ရက်ထိ ကျင်းပခဲ့ပါတယ်။
Ref: CNA