ဂန့်ဂေါမှာ ပျူစောထီးနဲ့ PDF တိုက်ပွဲဖြစ်

သြဂုတ်၊ ၈

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ၊မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ သူတို့ရိက္ခာအတွက် မြောက်ခင်ရန်းရွာတောင်ဘက် ရေသာ၊ရွှေဘို၊ သင်တော သုံးရွာကို ဒီမနက်အစောပိုင်းမှာစစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက် ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” မနက်ဝေလီဝေလင်းအချိန်မှာ သူတို့စစ်ကြောင်းထိုးလာတာ၊တိုက်ပွဲဖြစ်တော့ အစောကြီးကျွန်တော်တို့ပြည်သူတွေလည်းရှောင်ဖို့အချိန်နည်းသွားတာပေါ့” လို့ ဒေသံတဦးကပြောပါတယ်။ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာမှာအထိုင်ချနေတဲ့ပျူစောထီးတွေဟာ ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တွေရဲ့ သုံးလဝန်းကျင်ကြာပိတ်ဆို့မူကြောင့် ရိက္ခာပြတ်လပ်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ နှစ်ဖက်တိုက်ပွဲအတွင်းထိခိုရ်မှုအခြေအနေတွေကိုအသေးစိတ်မသိရပေမယ့် ပျူစောထီးတွေဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ရေသာရွာက အသက်ငါးဆယ်ကျော်အရွယ်အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့အတည်ပြုထားနိုင်ပါတယ်။ ပျူစောထီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာကို ဒေသခံ ပ.က.ဖ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့တိုက်မိုင်းကြောင့် ပျူစောထီးလေးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပေမယ့်DNA အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပျူစောထီးအဖွဲ့တွေအခြေချတဲ့မြောက်ခင်ရန်းရွာရဲ့တောင်ဘက် လေးမိုင်ကျော်အကွာ တောင်ခင်ရန်းရွာမှာ စစ်ကောင်စီရဲ့ရဲစခန်းတည်ရှိတာပါ။ အဆိုပါနှစ်ရွာကြားမှာတော့ ရေသာ၊ရွှေဘို၊သင်တောရွာတို့တည်ရှိတာပါ။

“ပြီးခဲ့တဲ့သုံးရက်လောက်ကနေမယ်၊မြောက်ခင်ရန်းကပျူသုံးလေးယောက်ကျွန်တော်တို့ဘက်ကိုစျေးဝယ်ဖို့လာတာ၊အရင်လိုလုလို့လည်းမရတော့ဘူးလေ၊ကလေးတွေကပစ်တာပြန်ပြေးသွားကြတယ်” လို့ဒေသခံတဦးကပြောပါတယ်။ တိုက်ပွဲကြောင့်လက်ရှိမှာ တောင်ခင်ရန်းနဲ့မြောက်ခင်ရန်းကြားက ရွှေဘို၊သင်တော၊ရေသာ သုံးရွာကပြည်သူတွေဟာ ဘုန်းကြီးကျောင်းတွေမှာ တိမ်း ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လုပ်မယ့်လယ်ယာတွေကကျွန်တော်တို့ရွာဝန်းကျင်မှာပဲရှိတာ၊မနေလို့လည်းမရဘူး၊ ကလေးတွေကာကွယ်ပေးနေလို့လည်း လုပ်ရဲနေရဲတာပါ” လို့ ဒေသခံတဦးကပြောပါတယ်။