သမ္မတ ဇီလန်စကီးကို လုပ်ကြံဖို့ ကူညီခဲ့ကြောင်း စွပ်စွဲချက်နဲ့ ယူကရိန်း အမျိုးသမီးတဦး ဖမ်းဆီးခံရ

သြဂုတ်၊ ၈

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို လုပ်ကြံနိုင်ဖို့ထိ ရုရှားအတွက် သူလျှိုလုပ်ပြီး အချက်အလက်တွေ ရှာဖွေ စုဆောင်းပေးခဲ့တယ်ဆိုတဲ့ ယူကရိန်း အမျိုးသမီး တဦးကို ယူကရိန်း လုံခြုံရေးဌာန (SBU)က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ အမျိုးသမီးဟာ မိုင်ခိုလိုင်ဗ်မြို့ခံ တဦးဖြစ်ပြီး ယူကရိန်း တောင်ပိုင်းက ရေဘေးသင့်မှုတွေ ကြုံခဲ့တဲ့ မြို့ဆီ သမ္မတ ဇီလန်စကီး လာရောက်နိုင်ခြေတွေကို ကြိုတင် စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ မြို့ထဲကို ဇီလန်စကီး ရောက်နေတဲ့အချိန် ရုရှားတပ်တွေက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နိုင်အောင် သတင်းပေးဖို့ ဖြစ်ပါတယ်။

SBUက နာမည် မထုတ်ပြန်တဲ့ အမျိုးသမီးဟာ မိုင်ခိုလိုင်ဗ် အပါအဝင် ယူကရိန်းနိုင်ငံရဲ့ ဒေသတချို့ကို ကားနဲ့ လှည့်လည်သွားရောက်ရင်း စစ်စခန်းတွေရဲ့ တည်နေရာတွေ၊ လက်နက်သိုလှောင်ရုံတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ဓာတ်ပုံရိုက် မှတ်တမ်းယူခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

အမျိုးသမီးကို ဖမ်းဆီးရမိချိန်မှာ သူဟာ စုဆောင်းရယူထားတဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို ရုရှားတွေဆီ ပေးပို့ဖို့ စီစဉ်နေချိန်လည်း ဖြစ်တယ်လို့ SBUက ဆိုပါတယ်။

သမ္မတ ဇီလန်စကီးက SBUရဲ့ အစီရင်ခံမှုကို ရရှိထားကြောင်း အတည်ပြုခဲ့ပြီး ယူကရိန်း အနေနဲ့ အတွင်းရန်လို့ သတ်မှတ်ရမယ့် သစ္စာဖောက်တွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ကိုင်တွယ်နေရကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားဖက်ကတော့ သူတို့ကို သူလျှိုလုပ်ပေးတဲ့ ယူကရိန်း အမျိုးသမီး အဖမ်းခံရတယ်ဆိုတဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဇီလန်စကီးဟာ ဇွန်လတုန်းက ရေကြီးခဲ့တဲ့ မိုင်ခိုလိုင်ဗ်မြို့ဆီ သွားရောက်ခဲ့ပြီး ဇူလိုင်လမှာလည်း ရုရှားရဲ့ ပြင်းပြင်းထန်ထန် ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တာတွေကို စစ်ဆေးဖို့လည်း နောက်တကြိမ် သွားရောက်ခဲ့ပါတယ်။

 

Ref: AP