သေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားခုနစ်ဦး ထောင်ဒဏ်တသက်ပြောင်း

သြဂုတ်၊ ၇
 
စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်မှာ သေဒဏ်ကနေ ထောင်ဒဏ်တသက် ပြောင်းလဲလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က ပြောပါတယ်။
 
” သေဒဏ်ကျတွေကို ဆိုင်းငံ့လက်မှတ်တွေ ထိုးပြီး ဝတ်စုံပြောင်းလိုက်တယ်လို့ သိရပါတယ်၊ အထဲက စာရပါတယ် ” လို့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသားတဦးရဲ့မိသားစုဝင်တဦးက DNA ကို ပြောပါတယ်။
 
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း သူတို့ခုနစ်ဦးကို သေဒဏ်ကနေ ထောင်ဒဏ်တသက် ပြောင်းလဲလိုက်တဲ့အကြောင်းကို အတည်ပြုထုတ်ပြန်ထားပါတယ်။
 
ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး (ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ အဲဒီကျောင်းသား ခုနစ်ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက်မှာ သေဒဏ်ချမှတ်ခဲ့တာပါ။
 
အသက်နှစ်ဆယ်ဝန်ကျင်းရှိ ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ ခုနစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
 
သူတို့ခုနစ်ဦးထဲက ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ လေးဦးကိုတော့ အခုနှစ် ဧပြီလထဲမှာ သာယာဝတီထောင်ကို ပြောင်းရွှေ့ခဲ့ပြီး ကျန်သုံးဦးကတော့ လက်ရှိ အင်းစိန်ထောင်မှာလို့ သိရပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာ၊ နိုင်ကျဥ်းတွေအပါအဝင် အကျဥ်းသား ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာအပြင် သေဒဏ်ကျ ကျောင်းသားတွေကိုလည်း အခုလို ထောင်ဒဏ်တသက် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
 
အခုတကြိမ်မတိုင်ခင် ပြီးခဲ့တဲ့ မေလ ၃ ရက်ကလည်း စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဥ်းသား ၃၈ ဦးကို ထောင်ဒဏ်တသက် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။
 
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ သြဂုတ်လ ၂ ရက် ထုတ်ပြန်ချက်အရတော့ အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၅၈ ဦး ရှိတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီက သူတို့ သေဒဏ်ချမှတ်ထားသူတွေထဲက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ အင်းစိန် ထောင်တွင်းမှာပဲ သေဒဏ်စီရင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ