ဖားကန့်မှာ ကမ်းပါးပြိုကျပြီး အမျိုးသမီးတဦး ရေစီးနဲ့မျောပါသေဆုံး

သြဂုတ်၊ ၆
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ သာယာကုန်းကျေးရွာ မှာ ဩဂုတ် ၅ ရက် နေ့လယ်ပိုင်းက ကျောက်လုပ်ကွက်ဟောင်းကန်ထဲကို ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ မနေ့ (ဩဂုတ် ၅)က ကျောက်လုပ်ကွက်ဟောင်း ရေကန်ထဲမှာ ရွာထဲက မိန်းကလေးနှစ်ယောက်နဲ့ ကလေးနှစ်ယောက် လာပြီး ရေချိုးနေကြတာ။ အဲဒီလို ရေချိုးနေတဲ့အချိန်မှာ ကမ်းပါးမြေစာတွေက အရှိန်နဲ့ပြိုကျလာပြီးတော့ ရေလှိုင်းနဲ့အတူ သူတို့မျောပါသွားကြပါတယ်။ အမျိုးသမီးတဦးကို ကယ်တင်နိုင်ပြီးတော့ သားအမိသုံးဦးက ကန်ထဲကို ပါသွားတယ်။ အဲဒီလိုပါသွားတဲ့ သုံးဦးထဲက ကလေးနှစ်ယောက်ကိုတော့ ဒေသခံတွေက ထပ်ပြီး ကယ်တင်လိုက်နိုင်တယ်။ ကလေးအမေကတော့ ရေအောက်ရောက်သွားတော့ မကယ်တင်လိုက်နိုင်ဘူး ” လို့ ဖားကန့်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျန်ရစ်တဲ့ ကလေးနှစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိခဲ့ကာ အခြားဒေသခံအမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
ရေစီးနဲ့အတူ မျောပါသွားပြီး ဒေသခံတွေ မကယ်လိုက်နိုင်တဲ့ အမျိုးသမီးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်မြို့နယ်)က ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရာ အဲဒီနေ့ ညနေ ငါးနာရီခွဲဝန်းကျင်မှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
“ သေဆုံးသူအမျိုးသမီးက ရေစီးနဲ့ မျောပါသွားတဲ့အချိန်မှာ သူ့သားသမီးတွေ သေမှာစိုးရိမ်လို့ ကလေးတွေကို ကမ်းစပ်ကို တွန်းတွန်းပို့နေတာ။ အဲဒီလို တွန်းပို့နေရင်း သူက ရေစီးထဲ ပါသွားပြီးတော့ ဆုံးသွားတာ ” လို့ အဲဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
မနေ့က ပြိုကျခဲ့တဲ့ လုပ်ကွက်ဟောင်း တောင်ကမ်းပါးယံဟာ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ အပိုင်ထဲမှာ ပါဝင်ပြီး ကျန်ရှိနေတဲ့ မြေသားများမှာလည်း နောက်ထပ် ပြိုကျနိုင်တဲ့ အနေအထားရှိနေတာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါ့အပြင် ကမ်းပါးပြိုကျရာ နေရာအနီးရှိ သာယာကုန်းကျေးရွာမှာလည်း ရွာရဲ့အောက်ခြေပတ်လည်ကနေ ကုမ္ပဏီတွေက ကျောက်တူးဖော်မှုတွေ ပြုလုပ်ထားတာကြောင့် တောင်ပေါ်မှာ သီးသန့်တည်ရှိနေတဲ့ ရွာပုံစံဖြစ်နေတယ်လို့ နောက်ထပ်ဒေသခံတဦိးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကလည်း ဖားကန့်မြို့နယ်ထဲက မော်မောင်းဘွမ်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ကမ်းပါးပြိုကျခဲ့တာကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ရပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာလည်း ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျမှု ဖြစ်စဉ်တွေကြောင့် ရေမဆေးကျောက် ရှာဖွေသူများအပါအဝင် လူပေါင်း ရာဂဏန်းအထက် သေဆုံးခဲ့ရပါတယ်။
 
ကျောက်စိမ်းလုပ်ကွက်အများအပြား တည်ရှိနေတဲ့ ဖားကန့်မြို့နယ်မှာ ယခုကဲ့သို့ တောင်ကမ်းပါးယံ ပြိုကျတာ၊ ကျောက်လုပ်ကွက် မြေစာပုံ ပြိုကျတာတွေကြောင့် နှစ်စဉ်လိုလို လူထိခိုက်သေဆုံးတာတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။
 
ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)