လားရှိုးမြို့ရှိ ဟိုတယ်တခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပေမယ့် အထိအခိုက်မရှိ

သြဂုတ် ၊ ၆

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်ကြီး (၆)က ဆန်နီဟိုတယ်မှာ သြဂုတ်လ ၆ ရက် ဒီကနေ့ မနက် ၁၀ နာရီခွဲလောက် ဗုံးပေါက်ကွဲတခုဖြစ်ပွားခဲ့ပေမယ့်  လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတွေက  DNA ကိုပြောပါတယ်။

“ ဖြစ်တာက ဆန်နီဟိုတယ်ရဲ့ ဆိုက်ကယ်ထားတဲ့ နေရာမှာဖြစ်တာပေါ့။ ဗုံးတလုံးပေါက်ကွဲသွားတယ်။ လူတော့ မထိဘူး ။အဲနားလေးမှာ ဗုံးကွဲပြီးနောက် မီးလောင်သွားတော့ အနည်းငယ်တော့ ပျက်ဆီးသွားတာတော့ရှိပါတယ် ” လို့ ဒေသခံတဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်တုန်းကလည်း လားရှိုးမြို့ မြို့မစျေးအတွင်းရှိ ဇွဲထက် ရွှေဆိုင်ရှေ့မှာအမျိုးသားတဦးသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရခဲ့တဲ့  ဗုံးပေါက်ကွဲမှုအပြီး ရက်ပေါင်း နှစ်ဆယ်ကျော်အတွင်း ထပ်မံပေါက်ကွဲမှုဖြစ်တာပါ။

“ အခုဖြစ်တဲ့နေရာကလည်း ညစျေးတန်း အောက်ဖက်နားလေးမှာရှိတယ်။ လူစည်းကားတဲ့ နေရာဆိုရင်လည်း ဟုတ်တယ် ။လားရှိုးမှာက ခဏခဏ အခုလိုပဲ ဗုံးကွဲတာဖြစ်နေတယ်။ ဘယ်လိုပြောမလဲ လူထိတာနဲ့ မထိတာပဲ ရှိမယ် ကွဲတာကတော့ အများကြီးပဲ ခဏတိုင်းဖြစ်နေတာပေါ့ ” လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကဆိုုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီရဲနဲ့ ပြည်သူစစ်တွေ ဗုံးကွဲတဲ့နေရာအနီး လာရောက်စစ်ဆေးတာတွေရှ်ိခဲ့ပေမယ့် စစ်ဆေးမှုတင်းကျပ်တာမျိုးမရှိသေးဘဲ ပုံမှန်အတိုင်းပဲသွားလာနေနိုင်သေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။

‘’အဲဒီဟိုတယ်မှာ အရင်လကလည်း ဗုံးတလုံးတွေ့သေးတယ်။ မကွဲလို့လူသိပ်မကြဘူး။ လုံခြုံရေးကတော့ ပုံမှန်ပါပဲ  ‘’ လို့ လားရှိုးဒေသခံနောက်တဦးကပြောပါတယ်။

အခုတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မထုတ်ပြန်သေးသလို လက်တလောမှာ ဗုံးပေါက်ကွဲတဲ့ နေရာကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လားရှိုးမြိုမှာ အခုလိုပဲ  အရပ်သားတွေရှိတဲ့နေရာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာမျိုးကိုတော့ ထုတ်ပြန်တာမရှိသလို စစ်ကောင်စီက လည်းဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေအတွက် ပက်သက်သူတွေကို ဖမ်းဆီးရမိတာလည်းမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

လားရှိုးမြို့ကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်က ထိန်းချူပ်ထားပြီး မြို့အတွင်းပိုင်းနေရာတွေကို လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့ တွေကလုံခြုံရေး ယူပေးထားရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် လားရှိုးမြို့အပြင်ဖက်နဲ့ အနီးတဝိုက်တွေမှာတော့ ပြည်သူကာကွယ်ရေးအဖွဲ့ PDF တွေအပြင် ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA  နဲ့ တအာင်းအမျိုးသားတပ်မတော် TNLA စတဲ့မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့ကလည်း လှုပ်ရှားမှုရှိနေပါတယ်။