ကရင်နီပြည်နယ်မှာ တလတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ရှစ်ဆယ်ကျော်သေဆုံး

သြဂုတ် ၊ ၆

ကရင်နီ(ကယား)ပြည်နယ်မှာ ဇူလိုင်လ တလတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၈၄ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )တာဝန်ရှိသူတွေကDNA သတင်းဌာနကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ သေဆုံးမှုစာရင်းတွေကိုတော့ ရှေ့တန်းစစ်မြေပြင် တိုက်ပွဲတွေထဲမှာ မျက်မြင်ကိုယ်တွေ့ပေါ့နော်။ကျနော်တို့ ရဲဘော်တွေရှေ့မှာ တိုက်ပွဲထဲမှာ မျက်မြင်အတည်ပြုထားတဲ့ သေဆုံးမှုအရေအတွက်တွေ ဖြစ်ပါတယ်။ ကျနော်တို့ မမြင်နိုင်တဲ့ နေရာမျိုးတွေမှာ သေသွားတာမျိုးလည်း အများကြီး ရှိကောင်းရှိနိုင်တယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီပြည်နယ်တဝှမ်း KNDF က အခြားကရင်နီတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ၃၃ ကြိမ်အတွင်း စစ်ကောင်စီဘက်က အခုလို သေဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီရဲ့ သုံ့ပမ်းတွေကို ဖမ်းမိတဲ့အခါမှာ ကျနော်တို့ KNDF မှာ သုံ့ပန်းနဲ့ ဆိုင်တဲ့ ဥပဒေတွေရှိတယ်။ပြီးတော့ ဂျီနီဗာကွန်ဗစ်ရှင်းမှာလည်းပါတဲ့ သုံ့ပန်းနဲ့ ဆိုင်တဲ့ ဥပဒေတွေရှိတယ်။ အဲဒီစည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်းပဲ ကျနော်တို့ သူတို့ကို ထိန်းသိမ်းထားပါတယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲအများစုကတော့ လွိုင်ကော်၊ ဖားဆောင်း၊ မယ်စဲ့၊ ဖရူဆို၊ ဒီးမော့ဆိုနဲ့ ဘော်လခဲစတဲ့ ကရင်နီပြည်နယ်ထဲက မြို့နယ်တွေနဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ယာဒိုကျေးရွာတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း KNDF တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် အနည်းဆုံး လေးဦးကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းပါ ကားအကြီး သုံးစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ်မျိုးစုံ ရှစ်လက်နဲ့ ခဲယမ်းတချို့ကိုလည်း ကရင်နီပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အင်အားတထောင်ကျော်ရှိနိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည်နယ်ထဲကို ရှမ်းပြည်နယ်၊ ဖယ်ခုံကနေတဆင့် စစ်ကားအကြီး တရာကျော်နဲ့ ဇူလိုင်လ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး မိုးဗြဲနဲ့ လွိုင်ကော်ကြား ကရင်နီပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို မကြာခဏ ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့ထဲမှာရှိနေပြီး ကရင်နီပူးပေါင်းတပ်တွေကတော့ မယ်စဲ့မြို့နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်ဘက်က အခုလို အင်အားဖြည့်တင်းလာတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီလို အင်အားဖြည့်တင်း ဝင်ရောက်လာတဲ့အချိန်မှာလည်း လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ပစ်ခတ်ခံရလို့ သေဆုံးတာတွေအပါအဝင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇူလိုင်လ တလအတွင်း အသက် ၁၁ နှစ်အရွယ် ကလေးတဦးအပါအဝင် ကရင်နီဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၃ လုံး၊ ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်းနှစ်ကျောင်းနဲ့ ဆေးပေးခန်း တခုလည်း ပျက်စီးဆုံးရှူံးခဲ့တယ်လို့ KNDF ဘက်က ပြောပါတယ်။

ကရင်နီတော်လှန်ရေးအင်အားစုတွေကတော့ လာမယ့် သုံးလအတွင်း စစ်ကောင်စီတပ်တွေနဲ့ အရင်ကထက် ပိုမိုတိုက်ပွဲဖြစ်ပွားနိုင်ပြီး စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကိုလည်း ပိုလုပ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo_KNDF