သြဂုတ် ၊ ၅
ဆန်ဈေးနှုန်းထိန်းချုပ်ဖို့လို့ဆိုကာ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အရန်ဆန်အိတ်ငါးသောင်း ဩဂုတ် ၇ ရက်မှာ စတင်ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ အလှမ်းဝေးနေ တယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆန်ကုန်သည်တချို့ကပြောပါတယ်။
ပြည်တွင်းမှု စားသုံးမှုများတဲ့ ဆန်လေးမျိုးကို ပြင်ပပေါက်ဈေးထက် ကျပ်သောင်းဂဏန်းလောက် သက်သာတဲ့နှုန်း ထားနဲ့ မှတ်ပုံတင်တခု ဆန်ချောနဲ့ဆန်ကြမ်း တအိတ်စီခွဲတမ်းချရောင်းချပေးမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ဝါးတန်းလမ်းက ဆန်စပါးကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ပွဲရုံက ဆန်စပါးကုန်စည်ဒိုင်မှာသာ ရောင်းချပေးမှာ ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေ၊စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီဝန်ထမ်းတွေကတော့ သက်ဆိုင်တဲ့ဌာန၊စက်ရုံ၊အလုပ်ရုံ၊ ကုမ္ပဏီတွေရဲ့တင်ပြချက်နဲ့ ဆန်စပါးအသင်းချုပ်ရဲ့ email ကနေဆက်သွယ်ဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။
“ရောင်းတာကဟုတ်ပါတယ်၊ပြည်နဲ့ဝယ်စားတဲ့သူအတွက်ကျတော့ဘယ်လိုလုပ်ပေးမှာလဲ၊သန်လျင်တို့ပဲထားပါဦး၊ အဲ့မှာနေတဲ့သူတွေက သယ်ယူစရိတ်ကရော သွားသယ်တာနဲ့တင်အပြင်ဈေးနဲ့က တူနေပြီ၊ ရောင်းပေးမယ်ဆို လည်းမြို့နယ်တိုင်းမှာရောင်းပေးရမှာပေါ့၊အခုဟာက ပိုက်ဆံရှိတဲ့သူတွေအတွက်ပဲအဆင်ပြေတာ” လို့ ရန်ကုန်မြို့ ခံအမျိုးသားတဦးကပြောပါတယ်။
ဆန်စပါးအသင်းချုပ်အနေနဲ့ ရွှေဘို ပေါ်ဆန်းတအိတ် ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတအိတ် ၉၄၀၀၀ကျပ်မှ ၉၇၀၀၀ ကျပ်၊ဧည့်မထ (၁၀%) စားဆန် တအိတ်ကို ၆၅၀၀၀ ကျပ်နဲ့ ဧည့်မထ (၂၅%) စားဆန်တ အိတ်ကို ၆၀၀၀၀ ကျပ်နဲ့ရောင်းချပေးသွားမယ်လို့သိရပါတယ်။
လက်ရှိပြင်ပပေါက်ဈေး ရွှေဘိုပေါ်ဆန်းတအိတ် ၁၃၀၀၀၀ မှ ၁၄၄၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းတအိတ် ၁၁၃၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်၊ ဧည့်မထ တအိတ်ကို ၇၀၀၀၀မှ ၇၇၀၀၀ ကျပ်အထိပေါက်ဈေးရှိနေတာပါ။
အရန်ဆန် ထုတ်ရောင်းပေးမတဲ့အစီအစဉ်က ကောင်းပေမယ့် ဝယ်ယူသူတွေအတွက် သယ်ယူခ ကုန်ကျစရိတ်က အခက်အခဲဖြစ်လာနိုင်သလို ဈေးနှုန်းကိုလည်းချိန်ညှိပေးသင့်တယ်လို့ ဘုရင့်နောင်ပွဲရုံက ဆန်ကုန်သည်တဦးက ပြောပါတယ်။
“ရောင်းတဲ့နေရာလေးတွေရယ် ဈေးလေးတွေရယ်ကို နည်းနည်းချိန်ညှိပေးရင်ပိုကောင်းတာပေါ့၊ ဒါပေမယ့် ဘုရင့် နောင်တို့ ဝါးတန်းတို့ဆိုရင်သွားထုတ်တဲ့နေရာတွေရှိမယ်၊သယ်ယူစရိတ်ကုန်မှာပေါ့၊ ဈေးတွေထဲမှာပါရောင်းပေး နိုင်ရင်ပိုကောင်းတာပေါ့”လို့ သူကပြောပါတယ်။
အာဏာသိမ်းကာလအစောပိုင်းမှာ စစ်ကောင်စီက လုပ်ငန်းရှင်အသင်းတွေနဲ့ပူးပေါင်းပြီး ကိုဗစ်ကာလအတွင်း ဆန်၊ဆီအပါ အဝင် အခြေခံ စားသောက်ကုန်တွေလှည့်လည်ရောင်းချပေးတာမျိုးလုပ်ခဲ့ဖူးသလို စားသုံးဆီဈေးတွေ မြင့်တက်လာချိန်မှာလည်း ဆီလုပ်ငန်းရှင်အသင်းက သက်သာတဲ့ဈေးနှုန်းနဲ့ နယ်လှည့်ရောင်းပေး တာမျိုးတွေလုပ် ခဲ့ဖူးပါတယ်။
လက်ရှိ အရန်ဆုတ်ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကိုတော့ ဆန်စပါးအသင်းချုပ်ရဲ့ လူမှုကွန်ရက်မှာပဲ ဟန်ပြ လုပ်ရပ်အဖြစ် ဝေဖန်မှတ်ချက်ရေးသားကြတာမျိုးတွေရှိနေသလို မှတ်ပုံတင်တခု ဆန်နှစ်အိတ်ခွဲတမ်းသတ်မှတ် ထားတဲ့စနစ်က အားနည်းချက်ဖြစ်နိုင်တယ်လို့ ထောက်ပြကြတာမျိုးတွေလည်းရှိနေပါတယ်။
“မှတ်ပုံတင်တခုကို နှစ်အိတ်ဆိုတော့လေ သူတို့ရောင်းတာက အိတ်ရေငါးသောင်းတည်းရယ်၊ဈေးကစားသူတွေက စောစောကြိုရောက်ပြီးအများကြီးဝယ်သွားရင်ရော ၊ ဘယ်လိုလုပ်မလဲ သူတို့သေချာစီစစ်ပြီးရောင်းမှာလားသိ ချင် တယ်၊ဈေးကစားသူတွေလက်ထဲအများကြီးေရာက်သွားရင်တော့ ထပ်တက်မှာပေါ့၊ဒါပဲရှိတယ်” လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးကပြောပါတယ်။
စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မှာ ကြေညာပြီးနောက် ကျပ်ငွေ တန်ဖိုးကျဆင်းသွားပြီး ဒေါ်လာအပါအဝင်နိုင်ငံခြားငွေကြေး၊ရွှေ၊စက်သုံးဆီ၊ဆန်၊ဆီအပါအဝင်အခြေခံစား သောက် ကုန်ဈေးနှုန်းတွေမြင့်တက်လာခဲ့ပါတယ်။
အဲ့ဒီနောက် ဆန်ဈေးနှုန်းထိန်းချုပ်နိုင်ဖို့လို့ဆိုကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အရန်ဆန်တွေထုတ် ရောင်းမယ့် အစီအစဉ်ကို ကြေညာလာတာပါ။