ပင်လယ်ထဲ စက်ပျက်နေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာတွေကို စစ်ကောင်စီ ဖမ်းဆီး

ဩဂုတ်၊ ၅

ဧရာဝတီတိုင်း အနီး က ပင်လယ်ပြင်မှာ စက်ပျက်ပြီး မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာ ၇၂ ဦး ကို စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက DNA ကိုပြော ပါတယ်။

လပွတ္တာမြို့နယ်၊ ပြင်စလူမြို့ ဒေသ အတွင်း က ကိုင်းသောင်ကျေးရွာနဲ့လေးမိုင်ခန့်အကွာ ပင်လယ်ပြင် မှာ ကျောက်ချရပ်နားတဲ့ စက်လှေပေါ်ကနေ စစ်ကောင်စီ ရဲ့ ပင်လယ်ပြင်စိုးမိုးရေးတပ် ခလရ ၂၇၁၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ က ဖမ်းဆီးလိုက်တာပါ။

“ဘင်္ဂလားဒေ့ရှ်က နေ မလေးရှား ကို သွားဖို့ ထွက်လာကြတာ မှာ စက်ပျက်ပြီး ပင်လယ်ထဲ မျောနေတာငါးရက် ရှိနေပြီ၊ကျောက်ချရပ်ထားတုန်း အဖမ်းခံရတာ” လို့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူ တဦး ကDNA ကိုပြောပါတယ်။

စက်လှေပေါ်လိုက်ပါလာသူတွေထဲမှာ ရိုဟင်ဂျာ အမျိုးသား ၆၇ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ၇၂ ဦးပါဝင်ပြီး စက် ပျက်နေတဲ့ စက်လှေ ကို စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့ က ဒေသခံ ငါးဖမ်း စက်လှေတစီးနဲ့ လပွတ္တာ မြို့နယ် အ တွင်း က ပိုးလောင်းရွာကို မနေ့က နေ့လယ်ပိုင်းမှာ ဆွဲယူဖမ်းဆီးလာတယ် လို့သိရပါတယ်။

ရိုဟင်ဂျာတွေလိုက်ပါလာတဲ့ ကားအင်ဂျင်စက်လေးလုံးတပ်ထားပြီး အလျားပေ ခြောက်ဆယ်ကျော် ဝန်းကျင် ရှိတဲ့ သစ်သားကိုယ်ထည် စက်လှေတစီးနဲ့ ရိုဟင်ဂျာတွေ ဆီက ရရှိတဲ့ ဖုန်းတွေ နဲ့ငွေကြေးတွေ ကို ပူးပေါင်း တပ်ဖွဲ့ က သိမ်းယူ ထားတယ် လို့ ဒေသခံ အစ္စလာမ် ဘာသာဝင်တချို့ ကဆိုပါတယ်။

“ကျွန်တော်တို့ ဘာသာရေး အဖွဲ့ တွေနဲ့ ချိတ်ဆက်နေတယ်၊လတ်တလော သိရတာတော့ ဘင်္ဂလားဒေ့ရှ်ကနေ မလေး မှာ အလုပ်လုပ်ဖို့ ထွက်လာကြတာတဲ့ ပိုးလောင်းမှာ သူတို့ (ရိုဟင်ဂျာ) တွေကို သက် ဆိုင်ရာ ဌာနတွေ က စစ်ဆေးနေတယ် လို့ပဲ သိရသေးတယ်” လို့ ဧရာဝတီ မြန်မာ မူဆလင် လူငယ်ကွန်ရက် အဖွဲ့ဝင် တဦး ကပြောပါ တယ်။

ဖမ်းမိသူတွေကို ပိုးလောင်းရွာမှာပဏာမ စစ်ဆေးတာဖြစ်ပြီး လပွတ္တာမြို့ ကို ဆက်ပို့ကာ စစ်ဆေးပြီး အရေးယူ ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန က တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း က ရိုဟင်ဂျာတွေ ဟာ ရေလမ်းကြောင်း ကနေ မလေး ရှား နိုင်ငံ ကို အလုပ်အကိုင် အခွင့်အလမ်း အတွက် သွားကြတဲ့ အခါ ဘင်္ဂလား ပင်လယ်ပြင်၊ ဘင်္ဂ လားဒေ့ရှ်နိုင်ငံ ကမ်းရိုး တန်း နဲ့ ရေလမ်းကြောင်း ထိစပ်မှု ရှိတဲ့ ဧရာဝတီတိုင်း ပင်လယ် ကမ်းရိုးတန်း ဒေ သ ကို ရောက်လာလေ့ ရှိပါတယ်။