ဩဂုတ်၊ ၅
မိုးသည်းထန်မှုကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က မြို့နယ်တချို့မှာရေကြီးရေလျှံမှုတွေဖြစ်နေပြီး အဝေး ပြေးလမ်းတချို့ လည်းရေလွှမ်းကာ ကားတွေပိတ်ဆို့နေတာမျိုးတွေရှိနေပါတယ်။
မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းမကြီးပေါ်မှာတော့ ဒီကနေ့မနက်ပိုင်းတောင်ကျရေကြောင့် ရေလွှမ်းနေပြီး ကားလေး တွေလုံးဝဖြတ်သန်းသွားလာလို့မရတဲ့အခြေအနေဖြစ်နေတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း တွေလုပ် ကိုင်နေတဲ့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဘိုဘိုဝင်းကပြောပါတယ်။
“၂၀၁၈ – ၁၉ နောက်ပိုင်းမှာ ဒီလိုရေကြီးတာမဖြစ်ဘူး၊အခုမှပြန်ဖြစ်တာ၊ရေက အခု ၁၀ နာရီခွဲအထိမကျသေးဘူး မိုးကတော့ တိတ်နေတယ်၊အခုကားလမ်းပေါ်ကရေတွေက တောင်ပေါ်ကကျလာတဲ့ တောင်ကျရေဖြစ်တော့ အရှိန် လည်းပါတယ် ကားသေးတွေလုံးဝဖြတ်လို့ မရသေးဘူး၊ မိုးက ဒီတိုင်းဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့က ၂၀၁၈ တုန်းကထက်ပိုဆိုးလာနိုင်တယ် ” လို့ သူကပြောပါတယ်။
မော်လမြိုင်မြို့အထွက်က ဒူးရင်းခြံတွေမှာလည်း အပင်ရဲ့ သုံးပုံတပုံအထိ ရေမြုပ်နေလို့ ဆုံးရှုံးမှုတွေဖြစ်နေ တယ် လို့ ဒူးရင်းနဲ့ ကြက်မောက်သီးခြံပိုင်ရှင် ဒေါ်မေထက်ထက်က ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာာလည်း သောင်ရင်းမြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းအနီးလူနေ အိမ်ငါး ရာကျော် ရေကြီးရေလျှံမှုဖြစ်လာလို့ ဒေသခံတွေအရေးပေါ် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသတွင်း သတင်းရင်း မြစ်တွေဆီကသိရပါတယ်။
ဒါ့အပြင် မြဝတီမြို့အဝင်/အထွက် အာရှတောင်ပေါ်လမ်းသစ်မှာလည်း ဒီကနေ့ မနက်က မြေပြိုမှုကြောင့် ကား ပိတ်ဆို့မှုတွေဖြစ်ခဲ့သေးတယ်လို့ အဲ့ဒီလမ်းပိုင်း အသုံးပြုသူတွေဆီကသိရပါတယ်။
“ကျွန်မတို့ မြဝတီမှာ ၂၀၁၃ ခုနှစ်တုန်းက ရေကြီးတုန်းက အခုလိုမျိုးပဲစတာပဲ၊အဲ့တုန်းက နှစ်ထပ်အိမ်ကြီးတွေရဲ့ အပေါ်ထပ်အထိရေတွေဝင်တာ အနိမ့်ပိုင်းတွေဆို အိမ်တွေခေါင်အထိ မြုပ်ကုန်တာတောင်ရှိတယ်၊ အခုလည်း အောက်ထပ်တွေရေတော်တော်ဝင်နေပြီ၊အရင်လိုထပ်ဖြစ်မှာ စိုးရိမ်ရတယ်၊ဒီကာလကြီးမှာ ဖြစ်လာရင် အရင်လို အကူညီရဖို့က မလွယ်ဘူး ” လို့ မြဝတီမြို့ခံ တဉီးဖြစ်တဲ့ ဒေါ်နယုန်မိုးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်၊ကျုံဒိုး၊လှိုင်းဘွဲ့၊ကြာအင်းဆိပ်ကြီးမြို့တွေမှာ အခုရက်ပိုင်းအတွင်း မြစ်ရေ မြင့်တက်လာတာ၊မိုးများတာတွေကြောင့် လူနေအိမ်တချို့ ရေလွှမ်းလို့ အရေးပေါ် နေရာရွှေ့ပြောင်းမှုတွေလုပ် ပေးထားရသလို မိုးများလို့ သစ်ပင်လဲကျတာတွေလည်း ရှင်းလင်းနေရတယ်လို့ မီးသတ်ဦးစီးဌာနကလည်း ထုတ် ပြန်ထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်မယ့်သတိပေးချက်တွေ ဆက်တိုက် ထုတ်ပြန် နေပြီး ပြည်နယ်နဲ့တိုင်းလေးခုက မြစ်ငါးစင်းဟာ လတ်တလောနဲ့ လာမယ့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ် အထက် ကျော်လွန်တဲ့အခြေအနေတွေ ရှိနေတယ်လို့ သတိပေးထားပါတယ်။
သံလွင်မြစ်၊သောင်ရင်းမြစ်၊ဘီးလင်းမြစ်၊နန့်ယင်းမြစ်တို့ဟာ မနေ့က ညနေပိုင်းတိုင်းထွာချက်တွေအရ စိုးရိမ်ရေ မှတ်အထက်ကျော်လွန်နေပြီး စစ်တောင်းမြစ်နဲ့ နန့်ကောင်းမြစ်တို့ကတော့ လာမယ့် ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ် ကို ရောက်ရှိလာမယ်လို့ မိုးဇလ ဌာနက သတိပေးထားတာပါ။
ဒါကြောင့် အဲ့ဒီမြစ်တွေဖြတ်သန်းတဲ့ မြို့တွေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံမြို့နဲ့ မြဝတီ၊မွန်ပြည်နယ် ဘီးလင်း၊ ကချင်ပြည်နယ် မိုးကောင်း၊ပဲခူးတိုင်း မဒေါက်မြို့ တို့က မြစ်ကမ်းအနီးနေထိုင်သူတွေ၊မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုကြဖို့ ထုတ်ပြန်ထားတာပါ။
မိုးလေဝသပညာရှင် ဉီးဝင်းနိုင်ကတော့ မုတ်သုံလေအားကောင်းနေတာကြောင့် လေပြင်းတိုက်ခတ်တာတွေ၊ သစ်ပင်သစ်ကိုင်းကျိုးတာနဲ့ နေအိမ်အချို့ပျက်စီးမှုရှိတာ၊ မိုးများပြီး ရေကြီးရေလျှံဖြစ်တာတွေဟာ ဩဂုတ်လ ၁၂ ရက် အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် အလက်ရှိဩဂုတ်လအတွင်းမှာ မြန်မာနိုင်ငံအောက်ပိုင်း ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ရွာသွန်း မြဲမိုးရေချိန်အထက် ၀.၅ လက်မ ကနေ ၁ လက်မအထိ ပိုမိုရွာသွန်းနိုင်တယ်လို့လည်း ဆိုထားပါတယ်။