ဆေးရုံတက်ခဲ့ရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ

သြဂုတ်၊ ၅

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ရက်ပိုင်းလောက် ဆေးရုံတက်ခဲ့ရပြီး အခုအခါ ဆေးရုံ ပြန်ဆင်းခဲ့ကြောင်း သိရပါတယ်။

 အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ နိုင်ငံခေါင်းဆောင်ဟောင်းဟာ လက်ရှိ အချိန်ထိ မလေးရှားမှာ ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမားတွေထဲက တဦးအနေနဲ့ ရပ်တည်နေပါတယ်။ သူဟာ ဝန်ကြီးချုပ်အဖြစ် ကွဲပြားတဲ့ ကာလ ၂ ခုမှာ စုစုပေါင်း ၂၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

 နီးစပ်သူတွေက မဟာသီယာဟာ ကွာလာလမ်ပူမှာရှိတဲ့ နှလုံးအထူးကု ဆေးရုံတခုမှာ လိုအပ်တဲ့ ဆေးစစ် စမ်းသပ်မှုတွေ ၄ ရက်ကြာ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဩဂုတ် ၄ ရက်မှာ ဆေးရုံပြန်ဆင်းခဲ့တယ်လို့ ပြောပါတယ်။

ပြည်တွင်း သတင်းတွေအရ အခုသီတင်းပတ် အစောပိုင်းမှာ မဟာသီယာဟာ အမျိုးသား နှလုံးဌာန ဆေးရုံကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မဟာသီယာ အနေနဲ့ ဝေဒနာ တခုခု ခံစားရလို့ ဆေးရုံကို သွားရောက်ခဲ့ရတာလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ သူနဲ့ နီးစပ်သူတွေကတော့ ကြိုတင် သတိထား လုပ်ဆောင်မှု အနေနဲ့ ဆေးရုံမှာ ဆေးသွားစစ်ခဲ့တာလို့သာ မှတ်ချက် ပေးခဲ့ကြပါတယ်။

အသက်အရွယ် အတော်ရနေပြီဖြစ်တဲ့ မဟာသီယာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နှလုံးဖိစီးမှု ပြဿနာ တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ အနည်းဆုံး နှလုံးဖောက်မှု ၂ ကြိမ်လောက် ကြုံတွေ့ခဲ့ပြီးပြီလို့လည်း သိရပါတယ်။ မဟာသီယာဟာ ၂၀၂၁ ဒီဇင်ဘာနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွေမှာလည်း နှလုံးပြဿနာနဲ့ ဆက်စပ်ပြီး ဆေးရုံ တက်ခဲ့ရဖူးပါတယ်။

သူဟာ မလေးရှား ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ကနေ ၂၀၀၃ ခုနှစ်ထိ တာဝန်ယူခဲ့ပြီး အသက် ၉၂ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှာ နောက်တကြိမ် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ဟာ အတွင်းပိုင်း ပဋိပက္ခတွေကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ပြိုကွဲခဲ့ပါတယ်။

မဟာသီယာဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နေရာအတွက် ယှဉ်ပြိုင်မှု အရေးနိမ့်ခဲ့ပေမယ့် တိုင်းရင်းသား ပါတီတွေနဲ့ လွှတ်တော်ထဲမှာ ပူးပေါင်းခဲ့ပြီး လက်ရှိ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို ဖိအားပေးဖို့ အဓိက အတိုက်အခံ ခေါင်းဆောင် တဦးအနေနဲ့ လွှတ်တော်ထဲမှာ ရပ်တည်နေပါတယ်။