သြဂုတ်၊ ၅
အဓမ္မ လုယူထားတဲ့ အာဏာကို ဆက်လက် ထိန်းချုပ်ထားဖို့ စစ်ကောင်စီရဲ့ သွေးရူးသွေးတမ်း ကြိုးပမ်းမှုတိုင်းဟာ ပြည်သူလူထုရဲ့ ရွံရှာ စက်ဆုပ်မှုတွေကို ဒီဂရီ တိုးပွားလာနေစေပါတယ်။
ဇူလိုင် လကုန်ပိုင်းမှာ အာဏာသိမ်း မြန်မာ စစ်တပ်ဟာ နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလကို ထပ်မံ သက်တမ်း တိုးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။ တည်ငြိမ် အေးချမ်းမှုကို အဓမ္မ အင်အားသုံး နည်းလမ်းမျိုးနဲ့ ဖန်တီးယူချင်နေပုံရတဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတဲ့ သူတို့ရဲ့ ကနဦး ကတိကဝတ်တွေကို ကိုယ်တိုင် ပယ်ဖျက်လိုက်တာလည်း ဖြစ်ပြီး စစ်တပ်အပေါ် ပြည်သူလူထုရဲ့ ရွံရှာ မုန်းတီးမှုတွေ ပိုမို မြင့်တက်လာတာ အသေအချာပါပဲ။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးက အခုသီတင်းပတ် အစောပိုင်းမှာ နိုင်ငံရဲ့ အရေးပေါ် အခြေအနေ သတ်မှတ် ကာလကို နောက်တကြိမ် ၆ လ သက်တမ်း ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်အရ အရေးပေါ် အခြေအနေ သတ်မှတ်ကာလ အဆုံးသတ်သွားပြီ ဆိုတာနဲ့ အထွေထွေ ရွေးကောက်ပွဲတခု ကျင်းပပေးနိုင်ဖို့ လိုအပ်ပါတယ်။
အခုလို အရေးပေါ် အခြေအနေ သက်တမ်းတိုး ကြေညာမှုကြောင့် စစ်တပ်ရဲ့ အကြီးအကဲဖြစ်တဲ့ မင်းအောင်လှိုင်ဟာ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်၊ တရားစီရင်ရေးဆိုင်ရာ အာဏာသုံးရပ်ကို ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။ အခုဆိုရင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို သက်တမ်းတိုးတာ ၄ ကြိမ်မြောက် ရှိလာပါပြီ။ မူလက အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို ၁ နှစ်လောက်သာ လျာထားခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ အာဏာပိုင် ပုဂ္ဂိုလ်တွေဟာ အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို ပုံမှန်အားဖြင့် ၆ လစီ နှစ်ကြိမ် သက်တမ်းတိုးခွင့် ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်ကတော့ ပြည်တွင်းမှာ တော်လှန်ရေး အင်အားစုတွေရဲ့ ခုခံစစ်ပွဲတွေ အရှိန်အဟုန် အားကောင်းနေတာကို ထောက်ပြပြီး အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို တိုးမြှင့်သင့်တယ်လို့ တောင်းဆိုခဲ့ပါတယ်။
နောက်ထပ် ၆ လသက်တမ်းတိုးဖို့ ကာလုံမှာ တောင်းဆိုခဲ့တာနဲ့ ပတ်သက်လို့ မင်းအောင်လှိုင်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးရေးကို ပြန်လည် ထူထောင်နိုင်ဖို့ လိုအပ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။
လက်ရှိ အခြေအနေအရ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုတွေကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ စစ်တပ်က သူတို့ရဲ့ အာဏာစက် တည်မြဲရေးကို အင်အားသုံးပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာကိုက ၂၀၁၁ ခုနှစ်မှာ အရပ်သား အစိုးရ အာဏာရလာပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ စတင်ခဲ့တဲ့ မတိုင်ခင် ကာလတွေဆီ တွန်းပို့ရာ ရောက်နေပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ အထည်ချုပ် လုပ်ငန်းအများစု အဓိက အခြေစိုက်ရာ လှိုင်သာယာ မြို့နယ်ထဲမှာ ဆိုက်ကားနင်းတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသား တယောက်က သူ့ရဲ့ တနေ့ ပျမ်းမျှ ဝင်ငွေဟာ ကျပ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားလောက် ရှိတယ်လို့ ပြောပြပါတယ်။ ပျမ်းမျှ ၂ ဒေါ်လာ ဝန်းကျင်လောက် ငွေကြေး ပမာဏပါ။ သူ့မှာ ဇနီးနဲ့ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ရှိပါတယ်။
“ကျွန်တော်တို့ အသားဟင်းတောင် ချက်မစားနိုင်ပါဘူး။ ဒါကြောင့် နေ့တိုင်း ထမင်းနဲ့ ဟင်းသီးဟင်းရွက်ပဲ စားနေရတယ်”လို့ သူက ပြောပါတယ်။
သူတို့ မိသားစုဟာ အရင်တုန်းက ခုံးတံတား တခုအောက်မှာ ကျူးကျော်တဲလေး ထိုးပြီး နေထိုင်ခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းပြီး လအတော်ကြာ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာတော့ စစ်သားတွေ ရောက်လာပြီး သူတို့ကို အဲဒီ နေရာကနေ အတင်းအဓမ္မ ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။
“သူတို့က ကျွန်တော်တို့ကို တပတ်အတွင်း ဖယ်ပေးရမယ်လို့ ပြောတယ်ဗျ။ သတ်မှတ်ရက် ပြည့်တာနဲ့ သူတို့က ကျွန်တော်တို့ အိမ်ရော၊ ဘေးနားက တဲတွေကိုပါ စက်ယန္တရားကြီးတွေ သုံးပြီး ဖြိုပစ်တော့တာပဲ။ ဒီတော့ ကျွန်တော်တို့လည်း အိမ်ကို စွန့်လာဖို့ကလွဲပြီး ရွေးစရာ မရှိတော့ဘူးလေ”လို့ ဆိုက်ကားဆရာက ပြောပြပါတယ်။
လူထုကို ငြိမ်ဝပ်ပိပြားသွားအောင် ဖိနှိပ်ဖို့အတွက် အာဏာသိမ်း စစ်တပ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တုခလောက် ကာလအတွင်း တဆင့်ချင်း အကောင်အထည် ဖော်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အကုန်လုံး နောက်ကြောင်း ပြန်လှည့်စေခဲ့ပါတယ်။ ဒါပေမဲ့ မြင်ရသလောက်တော့ သူတို့ လုပ်နေသမျှ စီမံခန့်ခွဲမှု အများစုက ဘာမှ ထိရောက် ကောင်းမွန်မှုမျိုး မရှိပါဘူး။
စစ်တပ်က စားအုန်းဆီစျေးတွေ တက်တာကို ထိန်းချုပ်မယ်ဆိုပြီး ဇူလိုင် လကုန်ပိုင်းမှာ ဆီတပိဿာကို ၄၂၃၉ ကျပ် စျေးသတ်မှတ်လိုက်ပါတယ်။ တပိဿာ ဆိုတာက ပြည်တွင်းမှာ အသုံးပြုတဲ့ အတိုင်းအတာ ယူနစ်ဖြစ်ပြီး ပျမ်းမျှ ၁.၆ ကီလိုဂရမ် အလေးချိန်လောက်နဲ့ ညီမျှပါတယ်။ စစ်တပ်က ဘယ်လိုပဲ စျေးနှုန်း သတ်မှတ်ပါစေ ရပ်ထဲရွာထဲမှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ၈၅၀၀ လောက် စျေးပေါက်နေပါတယ်။
“တချို့တွေက လက်ကားစျေးနဲ့ ဆီတွေကို စျေးလျှော့ပြီး ဝယ်တယ်။ ပြီးတော့ စျေးထဲမှာ လက်လီ ပြန်ရောင်းတယ်”လို့ စားသုံးဆီ ဖြန့်ဖြူ ရောင်းချသူ တယောက်က ပြောပါတယ်။
ကျပ်ငွေ တန်ဖိုးက တဟုန်ထိုး ထိုးကျသွားတဲ့အခါ ပြည်ပကနေ ကုန်ကြမ်းတွေ၊ စက်သုံးဆီတွေ၊ ဓာတ်မြေဩဇာတွေကအစ တင်သွင်းရသမျှ စျေးကြီးလာတယ်။ ဒီတော့ စားသုံးဆီနဲ့ ဆန်စျေးတွေကလည်း အာဏာ မသိမ်းခင်ကထက် ၂.၈ ဆနဲ့ ၁.၈ ဆလောက်ဆီ အသီးသီး ထိုးတက်သွားတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ အရင် စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားငွေ လဲလှယ်မှု ပုံသေနှုန်းထား သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ နိုင်ငံခြားငွေ ရှားပါးလာတဲ့နောက် စစ်တပ်ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားငွေ (ဒေါ်လာ)ကို မြန်မာကျပ်ငွေနဲ့ အတင်းအကျပ် လဲလှယ်လာစေပါတယ်။ တချိန်တည်းမှာပဲ အရင်ကလိုမျိုး ငွေလဲနှုန်းကို ပုံသေသတ်မှတ်ခဲ့ပါတယ်။
လက်တွေ့ကျကျ ကြည့်မယ်ဆိုရင် စစ်တပ် ထိန်းချုပ်ထားတဲ့ အစိုးရ မီဒီယာတွေမှာ ဖော်ပြနေတာနဲ့ စျေးကွက်ထဲက တရားဝင် မဟုတ်တဲ့ ငွေလဲနှုန်းတွေရဲ့ ကွာဟချက်က တခြားစီပါပဲ။ ဇူလိုင် ၃၁ ရက်နေ့ အခြေအနေကို ကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်တပ်က တဒေါ်လာကို ငွေလဲနှုန်း ၂၁၀၀ ကျပ်လို့ နှုန်းသေ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်စျေးကတော့ တဒေါ်လာကို ၃၃၀၀ ကျပ်ထိ ရှိနေပါတယ်။
ဘဏ်တွေကလည်း အရင်တုန်းကတော့ တရားဝင် သတ်မှတ်စျေးနှုန်းအတိုင်း နိုင်ငံခြားငွေကို လဲလှယ်ပေးနိုင်ပေမယ့် လက်ရှိ အခြေအနေအရဆိုရင် တဒေါ်လာ လဲလှယ်ပေးတိုင်း ၃၆ ရာခိုင်နှုန်းလောက် အရှုံးပြတော့မှာ ဖြစ်ပါတယ်။ ဘဏ်တွေမှာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဒေါ်လာကိုင်ဆောင်ဖို့ လိုအပ်သူတွေကို တဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင်လောက်နဲ့ လဲလှယ်ခွင့် ပြုနေတဲ့တိုင် အဲဒီငွေလဲနှုန်းကြောင့် နိုင်ငံခြား ကုမ္ပဏီတွေ အရှုံးပေါ်နေဦးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြင်ပကို ငွေလွှဲမယ်ဆိုရင် စီးပွားရေး လုပ်ငန်း တခုဟာ ကိုယ်တိုင် ဒေါ်လာရှာဝယ်ဖို့ လိုအပ်ပါတယ်။ အဲဒီနောက် နိုင်ငံခြားငွေ လဲလှယ်ရေး ကြီးကြပ်မှု ကော်မတီက ခွင့်ပြုပေးထားတဲ့ ငွေလွှဲဌာန တခုခုကနေတဆင့် ငွေကြေး လွှဲပြောင်းရပါတယ်။ တကယ်လို့ နိုင်ငံခြား ကုမ္ပဏီ တခုက ပြည်တွင်းမှာ အခြေစိုက်မှုကို ဖျက်သိမ်းပြီး ပြန်လည် ထွက်ခွာတော့မယ် ဆိုရင်တောင်မှ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ ပိုင်ဆိုင်မှုနဲ့ ရှယ်ယာတွေကို ရောင်းထုတ်ပြီး ငွေပြန်ဖော်ဖို့ အကြီးအကျယ် ခက်ခဲနေမယ့် သဘောလည်း ဖြစ်ပါတယ်။
(Nikkei Asia၏ Myanmar military tightens grip on power but vexed by public backlash ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)