ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ် ရာချီခွင့်ပြုခဲ့တဲ့ စစ်ကောင်စီက တကယ်လုပ်နိုင်မယ့် အေဂျင်စီတွေသာ ခွင့်ပြုမယ်လို့ဆို

သြဂုတ်၊ ၄
 
အာဏာသိမ်းကာလအတွင်း အေဂျင်စီအသစ် ရာနဲ့ချီ ခွင့်ပြုခဲ့လို့ ဝေဖန်ခံနေရတဲ့ စစ်ကောင်စီက အမှန်တကယ် လုပ်ကိုင်နိုင်မယ့် အေဂျင်စီတွေကိုပဲ လိုင်စင်အသစ် လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ သြဂုတ် ၂ ရက်က ပြုလုပ်တဲ့ ပြည်ပအလုပ် လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ အဲ့ဒီကိစ္စကို ဆွေးနွေးခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ လိုင်စင်အသစ်လျှောက်ထားခြင်း ကိစ္စရပ်တွေအတွက် ပြည်ပနိုင်ငံတွေမှာ အလုပ်သမားရေးရာ ကိစ္စတွေ ပေါ်ပေါက်လာရင် အပြည့်အဝ ကာကွယ် စောင့်ရှောက်ပေးနိုင်ရေး၊ အမည်ခံ အေဂျင်စီနဲ့ မမှန်မကန် လုပ်ဆောင်နေတဲ့ အေဂျင်စီတွေကို တားဆီးကာကွယ်ဖို့အတွက် အမှန်တကယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်တဲ့ အေဂျင်စီတွေကိုသာ လိုင်စင်အသစ် လျှောက်ထားနိုင်ရေး စိစစ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
စစ်အာဏာသိမ်းမှု မတိုင်ခင်က ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ သုံးရာလောက်သာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း အေဂျင်စီ ၄၅၀ လောက်အထိရှိလာတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
အခုလို အေဂျင်စီအရေအတွက် အဆမတန်တိုးလာတာကြောင့် ပြည်ပအလုပ်သမား စေလွှတ်တဲ့ လုပ်ငန်းစဥ်တွေမှာ ရူပ်ထွေးမှုနဲ့ မသမာသူတွေ ရောထွေးပါဝင်လာနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။
 
” ဝန်ကြီးဌာနက စိစစ်တယ်လို့ ဘယ်လိုပဲပြောပြော အခုလို အေဂျင်စီအသစ်တွေ အလုံးအရင်းလိုက် ဝင်လာတာက ပြဿနာတွေကိုလည်း ပိုများလာစေနိုင်တယ်၊ စိစစ်တယ်ဆိုတာ ဘယ်လိုစိစစ်လဲဆိုတာ မရှင်းလင်းဘူး ” လို့ အမည်မဖော်လိုတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီ အသစ်တွေကို အလုံးအရင်း ခွင့်ပြုတာဟာ သူတို့ဆီကနေ ရရှိမယ့် အာမခံငွေကြေးကြောင့်လည်း တစိတ်တပိုင်း ပါနိုင်တယ်လို့ အေဂျင်စီဟောင်းတချို့က သုံးသပ်ပါတယ်။
 
” တချို့က လိုင်စင်ယူပြီး တရားဝင်လိမ်ဖို့ ဝင်လာကြတာတွေ ရှိတယ်၊ အဲဒီလူတွေကြောင့် ကျန်အေဂျင်စီတွေပါ ရောပြီး ထိခိုက်နိုင်တယ်၊ ငွေရရင်ပြီးရောဆိုပြီး လိုင်စင်ထုတ်ပေးတာမျိုးတော့ မဖြစ်သင့်ဘူး ” လို့ နောက်ထပ် အေဂျင်စီလုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။
 
ပြည်ပအလုပ်အကိုင်အေဂျင်စီတခု ဖွင့်မယ်ဆိုရင် လိုင်စင်အာမခံကြေး ကျပ်သိန်းနှစ်ရာ ပေးသွင်းရပြီး အေဂျင်စီ အသစ် ၁၅၀ နီးပါး တိုးလာတာကြောင့် အာမခံငွေ ကျပ်သိန်းသုံးသောင်းလောက် ရရှိသွားမှာဖြစ်ပါတယ်။
 
အခုလို ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ်တွေကိုစိစစ်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတဲ့ ပြည်ပအလုပ်လုပ်ကိုင် မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေးမှာ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းလည်း တက်ရောက်ခဲ့ပေမယ့် အဲ့ ဒီနေ့ညပိုင်းမှာစစ်ကောင်စီက သူ့ကို ရာထူးကဖယ်ရှားခဲ့ပါတယ်။
 
အခုလို ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ်တွေကို စိစစ်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတဲ့ ပြည်ပအလုပ် လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း လည်း တက်ရောက်ခဲ့ပေမယ့် အဲဒီနေ့ညပိုင်းမှာ စစ်ကောင်စီက သူ့ကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
 
စစ်ကောင်စီက အလုပ်သမားဝန်ကြီးဌာနရဲ့ ဝန်ကြီးအသစ်အဖြစ် ဦးမြင့်နောင်ကို ခန့်အပ်ကြောင်း မနေ့က ကြေညာထားပါတယ်။ အခုတကြိမ်အပါအဝင် အာဏာသိမ်းပြီးနောက် အလုပ်သမားဝန်ကြီး သုံးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့တာပါ။
 
ဓာတ်ပုံ – Google