စစ်အာဏာသိမ်းမှုကို တွန်းလှန်နိုင်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းကို နိုက်ဂျား သမ္မတပန်ကြား

သြဂုတ်၊ ၄

အာဏာသိမ်းခံ နိုက်ဂျား သမ္မတက အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်း တခုလုံးဆီက ထိရောက်တဲ့ အကူအညီတွေကို ပန်ကြားတောင်းခံလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရတဲ့ သမ္မတ မိုဟာမက် ဘာဇိုအွမ်က နိုက်ဂျားနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုး ပြန်လည် ပေါ်ထွန်းလာရေးအတွက် ဝိုင်းဝန်း ကူညီပေးကြဖို့ အမေရိကန်ရော၊ နိုင်ငံတကာ အသိုက်အဝန်းကိုပါ မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာဆီ ပေးပို့ခဲ့တဲ့ အမြင်ဆောင်းပါးမှာ ဘာဇိုအွမ်က သူဟာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံ တဦးအနေနဲ့ အခုစာကို ရေးသားတာလို့ ရည်ညွှန်းထားပါတယ်။ ဘာဇိုအွမ်ဟာ သူ့ရဲ့ ကိုယ်ရံတော်တပ်တွေက အာဏာသိမ်းလိုက်တာ ခံရပြီးတဲ့နောက် အကျယ်ချုပ်အဖြစ် ဖမ်းဆီး ခံထားရပါတယ်။

ဘာဇိုအွမ်ဟာ ပြင်သစ်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အနောက်အာဖရိက ဒေသတွင်း မဟာမိတ် တဦးအဖြစ် သတ်မှတ် ခံထားရသူပါ။ အာဏာသိမ်း နိုက်ဂျားစစ်တပ်ကတော့ ပြည်ပနိုင်ငံတွေ အနေနဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ကြဖို့ တင်းတင်းမာမာ သတိပေးထားပြီး ပြင်သစ်၊ အမေရိကန်၊ နိုက်ဂျီးရီးယားနဲ့ တိုဂိုတို့ဆီ စေလွှတ်ထားတဲ့ သံအမတ်တွေကို တဖက်သတ် ရာထူးက ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီ မတိုင်ခင်တုန်းက နိုက်ဂျား အစိုးရရဲ့ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး ကီအာရီ လီမန် တင်ဂူရီက အာဏာသိမ်း စစ်တပ် အနေနဲ့ ကျိုးကြောင်းဆီလျော်မှုရှိရှိ တွေးခေါ်သင့်ပြီး သူတို့ရဲ့ လုပ်ရပ်က အောင်မြင်နိုင်စရာလည်း အကြောင်းမရှိဘူးလို့ AFP သတင်းဌာနဆီ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

နိုက်ဂျားဟာ ယူရေနီယမ် သတ္တုသိုက်တွေ ကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်တာကြောင့် နိုင်ငံတကာ နျူကလီးယား နည်းပညာ ကဏ္ဍမှာ အရေးပါတဲ့ ကုန်ကြမ်းရင်းမြစ်အဖြစ် ရပ်တည်နေပါတယ်။

ဘာဇိုအွမ်က နိုက်ဂျားရဲ့ စစ်အာဏာသိမ်းမှု အောင်မြင် အထမြောက်သွားအောင် လွှတ်ပေးထားမယ်ဆိုရင် နိုင်ငံနဲ့ ဒေသတွင်းမှာသာ မကဘဲ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ရိုက်ခတ်သွားနိုင်တယ်လို့ သတင်းစာ ဆောင်းပါးမှာ သတိပေး ရေးသားထားပါတယ်။

သူက နိုင်ငံရဲ့ သေရေးရှင်ရေး အကျပ်အတည်း ကာလမှာ အကူအညီပေးတဲ့ သူတိုင်းကို နိုက်ဂျားပြည်သူတွေက အမှတ်ရ ကျေးဇူးတင်နေမယ်လို့လည်း ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ အမေရိကန်၊ ဥရောပသ သမဂ္ဂနဲ့ ကုလသမဂ္ဂတို့က နိုက်ဂျား စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။ အခုသီတင်းပတ် အစောပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဘာဇိုအွမ်နဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပြီး အမေရိကန် အနေနဲ့ အနောက်အာဖရိက ဒေသတွင်း နိုင်ငံမှာ ရွေးကောက်ခံ အစိုးရတရပ် ပြန်လည် အာဏာရလာစေရေး အစွမ်းကုန် အားပေး ကူညီသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

 

Ref: BBC