မက္ကဆီကို အဝေးပြေးလမ်းမှာ ဘတ်စ်ကား လျှိုထဲထိုးကျပြီး လူနှစ်ဆယ်နီးပါး သေဆုံး

သြဂုတ်၊ ၄

မက္ကဆီကို နိုင်ငံမှာ ခရီးသည်တင် ဘတ်စ်ကားတစီး လမ်းချော်ပြီး လျှိုထဲ ထိုးကျသွားရာက လူ ၂၀ နီးပါး အသက် ဆုံးရှုံးခဲ့ပါတယ်။

ဩဂုတ် ၃ ရက်က အမေရိကန်နဲ့ နယ်စပ်နားမှာရှိတဲ့ မြောက်ပိုင်းက တီဂျူရာနာ မြို့ဆီကို ဦးတည် မောင်းနှင်လာတဲ့ ဘတ်စ်ကားဟာ မက္ကဆီကို အနောက်ပိုင်း၊ နာယာရစ် ပြည်နယ်ထဲက အဝေးပြေးလမ်း တနေရာမှာ အရှိန်မထိန်းနိုင်ဘဲ လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ ၄၂ ဦးမှာ အများစုဟာ အိန္ဒိယ၊ ဒိုမီနီကန်နဲ့ အာဖရိက နိုင်ငံတွေဆီက နိုင်ငံခြားသား အများစု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၈ ဦးထိ အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရဲ့ အခြေအနေကလည်း အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

ယာဉ်မောင်းကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ရဲတွေက ယာဉ်မောင်းဟာ လမ်းကွေ့နေရာကို အရှိန်မလျှော့ဘဲ အရမ်းမောင်းရာက ဘတ်စ်ကား အရှိန်မထိန်းနိုင်ဘဲ လမ်းချော်သွားတာလို့ ယုံကြည်နေပါတယ်။

ဒဏ်ရာတွေနဲ့ ဆေးရုံရောက်နေသူ အရေအတွက်က ၂၀ ဝန်းကျင်ရှိကြောင်းလည်း သိရပါတယ်။ မက္ကဆီကိုမှာတော့ လမ်းတွေရဲ့ အားနည်းချက်၊ ယာဉ်မောင်းတွေရဲ့ မကျွမ်းကျင်မှု၊ ယာဉ်တွေရဲ့ ကြံ့ခိုင်မှု ပြဿနာ အစရှိတဲ့ အကြောင်းရင်း ပေါင်းစုံကြောင့် လူအသေအပျောက် များပြားတဲ့ အဝေးပြေးလမ်း မတော်တဆမှုတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း မက္ကဆီကို တောင်ပိုင်းက အော့ဆာကာ ပြည်နယ်မှာ ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၂၉ ဦး သေခဲ့ပြီး ဖေဖော်ဝါရီလမှာလည်း နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး မက္ကဆီကို အလယ်ပိုင်းမှာ တိမ်းမှောက်ရာက လူ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

 

Ref: Reuters