သြဂုတ်၊ ၃
လေးကြိမ်မြောက်အဖြစ် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီး တွေအပါအဝင် စစ်ကောင်စီက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို ပြောင်းရွှေ့ခန့်အပ်တာမျိုး လုပ်လိုက်ပေမယ့် အများစုကတော့ လူဟောင်းတွေသာ ဆက်လက်ပါဝင်နေတာ တွေ့ရပါတယ်။
စစ်ကောင်စီက ဝန်ကြီးတွေကို ဌာနပြောင်းလဲ ကိုင်ခိုင်းတာ၊ မနေ့က အနားပေးလိုက်တဲ့ ဝန်ကြီးလေးဦးနေရာမှာ အစားထိုးခန့်အပ်တာတွေ ထပ်လုပ်လိုက်ပြီး ဝန်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်းတယ်လို့ ကြေညာပါတယ်။
ဒီကနေ့ ညပိုင်း နိုင်ငံပိုင်မီဒီယာတွေကနေ စစ်ကောင်စီ ထုတ်ပြန်ကြေညာချက်အရ အရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဖြစ်လာပါတယ်။
ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကတော့ ကာကွယ်ရေးဝန်ကြီး အသစ်အဖြစ် ပြောင်းလဲတာဝန်ယူမှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဲ့ အစိုးရအဖွဲ့ရုံး ဝန်ကြီးနေရာတွေကိုလည်း တိုက်ရိုက်အစားထိုးလိုက်တာကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြည်ထဲရေးဝန်ကြီး ဖြစ်လာပါတယ်။
အခုည ကြေညာချက်မတိုင်မီအထိ ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုတော့ အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်သလို ဒုတိယဝန်ကြီးချုပ် အဆင့်ကနေလည်း လျှော့ချလိုက်ပါတယ်။
အလားတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) အဖြစ် ပြင်ဆင်လိုက်ပြီး ဦးကိုကိုလှိုင် ကို ဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ထားပါတယ်။
မနေ့က အနားပေးလိုက်တဲ့ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန် တို့နေရာမှာ ဦးမြင့်နောင်၊ ဦးကိုကိုလွင် နဲ့ ဦးဥာဏ်ထွန်း တို့ကို အစားထိုး ခန့်အပ်ထားတာလည်း တွေ့ရပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တည်ထားခဲ့တဲ့ မာရဝိဇယ ရုပ်ပွားတော် ရေစက်ချပြီး နောက်တရက် မနေ့က အနားပေးခံလိုက်ရတဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး နေရာကိုတော့ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင် ကို အစားထိုးခန့်အပ်ထားပါတယ်။
အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒေါက်တာသက်သက်ခိုင် လည်း ဒီကနေ့ ဝန်ကြီးအပြောင်းအလဲစာရင်းမှာ ပါဝင်လာပြီး ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဖြစ်လာပါတယ်။
ဒေါက်တာသက်သက်ခိုင်ရဲ့ လူကယ်ပြန်ဝန်ကြီး နေရာကိုတော့ စစ်ကောင်စီက ဟိုတယ်ခရီး ဒုဝန်ကြီး ဒေါက်တာစိုးဝင်း ကို ပြန်လည်ခန့်အပ်လိုက်ပါတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေကိုတော့ အပြောင်းအလဲလုပ်တာ မတွေ့ရပါဘူး။
အလားတူ ကျန်းမာရေးအရ အနားယူခွင့်ပြုတယ်လို့ မနေ့က ကြေညာခဲ့တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင် စတဲ့ အဖွဲ့အစည်းတွေရဲ့ ဥက္ကဌနေရာတွေနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် တို့ကိုလည်း စစ်ကောင်စီက လူဟောင်းအများစုနဲ့ ပြန်လည်အစားထိုးခဲ့ပါတယ်။
အခြေခံဥပဒေခုံရုံး ဥက္ကဌ ဦးသာဌေး က ပြည်ထောင်စုတရားသူကြီးချုပ် ဖြစ်လာသလို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တဦးဖြစ်တဲ့ ဦးအောင်ဇော်ဟိန်း က ခုံရုံး ဥက္ကဌ ဖြစ်လာပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဦးအောင်သော် ကတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဖြစ်လာပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးစစ်အေး ကိုတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ အဖြစ် ပြောင်းရွှေ့ခန့်အပ်ထားပါတယ်။ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သလို သံအမတ်ကြီးဟောင်းတဦးလည်းဖြစ်တဲ့ ဦးပေါ်လွင်စိန် ကတော့ လူအခွင့်အရေးကော်မရှင် ဥက္ကဌ ဖြစ်လာပါတယ်။
ဓာတ်ပုံ – CINCDS