အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းဟာ ဖမ်းဆီးခံရမယ့်အန္တရာယ်ကနေတိမ်းရှောင်ရင်းကင်ဆာရောဂါနဲ့ သြဂုတ်လ ၃ ရက် မနက်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။
“ကင်ဆာက နောက်ဆုံးအဆင့်ဖြစ်နေပြီ။ (…….)မှာလာပြီး ဆေးလာကုတာက တနှစ်လောက်ပဲ ရှိဦးမယ်။ သေတဲ့အထိ ရှောင်ရင်းတိမ်းရင်းပဲ ဆေးကုရတာ” လို့ ဦးအောင်ဝင်းရဲ့ မိတ်ဆွေတဦးက DNA ကို ပြောပါတယ်။
ဒါပေမယ့်ဦးအောင်ဝင်းဘယ်နေရာမှာကွယ်လွန်တယ်ဆိုတာနဲ့ပတ်သတ်ပြီး သူ့မိတ်ဆွေကတော့ မပြောကြားပါဘူး။
ပါးစောင်ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရှိတဲ့ အသက် ၆၈ နှစ်အရွယ် ဦးအောင်ဝင်းဟာ တိမ်းရှောင်ရှု်း ရဟန်းဝတ်နဲ့ ဆေးကုသမှု ခံယူရင်းပျံလွန်တော်မူသွားတာလို့သိရပြီး စျာပနကိုတော့ အခုရက်ပိုင်းအတွင်းမှာ ကျင်းပမယ်လို့သိရပါတယ်။
အင်္ဂလိပ်စာ ကျူရှင်ဆရာဟောင်းတဦးဖြစ်တဲ့ ဦးအောင်ဝင်းဟာ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲမှာလည်း တိုင်းလွှတ်တော် ၊ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း တိမ်းရှောင်ရင်းနဲ့ သေဆုံးခဲ့ရတဲ့ တနင်္သာရီတိုင်းက ဒီချုပ်အမတ်အရေအတွက်ဟာ ဦးအောင်ဝင်းအပါအဝင် သုံးဦးအထိ ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်းက ကျွန်းစုမြို့နယ်၊ပြည်သူ့လွှတ်တော်အမတ်ဒေါ်တင်တင်ရီဟာလည်း တိမ်းရှောင်ရင်းနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့သလို တနင်္သာရီတိုင်း၊ စိုက်/မွေး/ဆည်ဝန်ကြိီး၊၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းလွှတ်တော်အမတ် ဦးမြင့်စန်းဟာလည်း ထိုင်းနိုင်ငံမှာ တိမ်းရှောင်ရင်း ဒီနှစ်မေလ ၁၇ ရက်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။