ဒီပဲယင်းမှာ PDF နဲ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်မီးရှို့လို့ ဒေသခံသောင်းချီထွက်ပြေးရ

သြဂုတ် ၊ ၃

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊မရကန်ရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်က  သြဂုတ်လ ၂ရက် မနေ့ကညနေပိုင်းကနေဒီကနေ့မနက်အစောပိုင်းထိစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပါတယ်။

“ညနေ ၄နာရီလောက်ကစလို့ မရကန်ရွာကို လေးနေရာ ငါးနေရာခွဲပီး မီးရှို့တယ်။ လက်နက်ကြီးနဲ့လဲ တညနေလုံး အနီးဝန်းကျင်ကို ဆက်တိုက်ထုနေတယ်။ ။ခုမနက်အစောပိုင်း ၁၂ခွဲ ၊တနာရီလာက်မှာ။အခုအထိ ခွေးတွေ ယုတ်မာနေတယ်။နေအိမ်တွေကို မီးဆက်ရှို့နေတာ။မီးတောက်များတယ်။မရကန် ဆုံးရှုံးမှူများနိုင်တယ် ” လို့ ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)မှ ပြောပါတယ်။

ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ ဟာ သြဂုတ်လ ၂ ရက်၊ နေ့လယ်၁၂ နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားအပြီးအခုလိုကျေးရွာကိုမီးရှို့တာလို့ ပြောကြပါတယ်။

” ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာအနီးမှာ ဒီပဲယင်းဘက်က ကာကွယ်ရေးအဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်တယ်။ကိုယ့်ဘက်ကရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး။စစ်ခွေးအသေအပျောက် ရှိတယ်။ထိတွေ့မှုဖြစ်ပီး မရကန်ရွာကို ဝင်တယ်”လို့ ကိုထူးခန့်ဇော်ကပြောပါ။

အဲဒီတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ရေဦးမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ) ၇၀၈နဲ့ ၇၀၂ တို့ဟာအင်အား ၁၅ဝခန့်နဲ့  မရကန်ကျေးရွာကို ဝင်ရောက်မီးရှို့လို့ မနေ့က ညနေနဲ့ ဒီမနက်အထိ ဒေသခံတသောင်းကျော်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒါ့အပြင် ဒီပဲယင်းနယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ ဒေသခံအမျိုးသးတဦးတို့  ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြေနေအသေးစိတ်ကိုတော့ အတည်ပြုလို့မရသေးဘူးလို့ ကိုထူးခန့်ဇော်ကဆိုပါတယ်။

“မနက်ပိုင်း လက်နက်ကြီးပစ်ခတ်ဝင်လာတော့ ဗိုက်ကြီးသည်တဦးနဲ့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ကျနော်တို့နဲ့က အလှမ်းဝေးနေတော့ သတင်းသာကြားရပေမယ့် ဘယ်ရွာကဆိုတာ အတည်မပြုနိုင်သေးပါဘူး။ “လို့ပြောပါတယ်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ် က မီးရှို့ဖျက်ဆီးနေတာကြောင့် မရကန်ကျေးရွာက နေအိမ်ဘယ်လောက် မီးလောင်ကျွမ်းခဲ့တယ် ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ လည်းဒေသခံတွေက  ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ ဇူလိုင် ၃၁ ရက် ညပိုင်းကစပြီး  စစ်ကြောင်းထိုးဝင်ရောက်ခဲ့လို့ရေဦးတောင်ခြမ်းနဲ့ အရှေ့ခြမ်းက မူးသာကုန်း၊ ကုက္ကိုစု၊ ပေါက်သာစတဲ့ကျေးရွာတွေနနဲ့  အရှေ့ခြမ်းက မရကန် ၊ ဘန့်ဘွေး နဲ့ ဆင်ရောက်ကုန်းစတဲ့ကျေးရွာပေါင်း ၂၅ ရွာကျော်က ဒေသခံတွေဟာ မိုးထဲရေထဲ စစ်ရှောင်နေရတာပါ။

” မနေ့ကတည်းက မိုးရွာကြီးထဲအကုန်ပြေးနေရတာ တော်တော်ဒုက္ခရောက်တယ်၊ပြေးနေရတာလည်း မိုးရေထဲဆိုတော့ သွားရေးလာရေးအစပေါ့၊နေရေးထိုင်ရေးရော ဒုက္ခရောက်တယ် ကလေးတွေ၊သက်ကြီးရွယ်တွေလည်း ပါတယ်ဆိုတော့ ပိိုဆိုးတာပေါ့ “လို့  ကိုထူးခန့့်ဇော်ကပြောပါတယ်။

Photo_ ဒီပဲယင်းမြို့နယ် ၊ စစ်ရှောင်ထောက်ပံ့ရေး