တရုတ်ဆီ ကာကွယ်ရေး လျှို့ဝှက်ချက်တွေ ပေးပို့ခဲ့တယ်လို့ ယုံကြည်ရတဲ့ စစ်တပ်အရာရှိ တဦးကို ထိုင်ဝမ်ဖမ်းဆီး

သြဂုတ် ၊ ၃

ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ တရုတ်ဆီ ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဘက် အရာရှိ တဦးကို ထိုင်ဝမ်က ဖမ်းဆီးထားကြောင်း သိရပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက မျိုးရိုးနာမည် ရှီဆိုတဲ့ ဒုတိယ ဗိုလ်မှူးကြီးအဆင့် စစ်ဘက် အရာရှိ တဦးနဲ့ တခြား သံသယ တရားခံ တချို့ဟာ တရုတ်ဆီကို အမျိုးသား ကာကွယ်ရေး အစီအမံဆိုင်ရာ လျှို့ဝှက်ချက်တွေနဲ့ ဆက်စပ် သတင်း အချက်အလက်တွေ ပေါက်ကြားစေခဲ့တယ်လို့ ယုံကြည်ရကြောင်း ဩဂုတ် ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

အခုအခါမှာတော့ အဲဒီ စစ်ဘက် အရာရှိနဲ့ ဆက်စပ် သံသယ တရားခံတွေကို ဖမ်းဆီးထားပြီး နောက်ဆက်တွဲ စုံစမ်း မေးမြန်းမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေး တင်းမာမှုတွေ ဆက်တိုက် မြင့်တက်နေချိန်မှာ အခုလိုမျိုး အငြင်းပွားစရာ ပြဿနာတွေ ထပ်မံ ပေါ်ပေါက်လာခဲ့တာပါ။

ရှီဟာ ထိုင်ဝမ်နိုင်ငံ ပိုင်နက်ထဲမှာ တရုတ်အတွက် သူလျှိုကွန်ရက်တခု ထူထောင်ပေးနိုင်ဖို့ အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ ရင်ဆိုင်နေရပါတယ်။ အခုအမှုကို ထိုင်ဝမ်ရဲ့ ရှေ့နေချုပ်ရုံးက အဆင့်အမြင့်ဆုံး အရာရှိတွေက ကိုင်တွယ် စစ်ဆေးနေပါတယ်။ ဒါပေမဲ့ ရှေ့နေချုပ်ရုံးက အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြောမထားပါဘူး။

ရှီနဲ့အတူ အဖမ်းခံရတဲ့ အငြိမ်းစား ဗိုလ်မှူးတဦးနဲ့ တခြားသူ ၃ ဦးကိုတော့ လတ်တလောမှာ ထိုင်ဝမ်ဒေါ်လာ ၂ သောင်းနဲ့ ၆ သိန်းကြား အာမခံကြေးတွေနဲ့ အသီးသီး ပြန်လွှတ်ထားပါတယ်။ ပြီးခဲ့တဲ့ လကလည်း ထိုင်ဝမ်ဟာ တရုတ်အတွက် သူလျှိုလုပ်ပေးနေတယ်လို့ ယုံကြည်ရသူ ၅ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းပိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ လွှမ်းမိုးလိုမှုကို ငြင်းပယ်ပြီး ကိုယ်ပိုင် နိုင်ငံရေး စနစ်နဲ့ ရပ်တည်ဖို့ကိုသာ လိုလားနေပါတယ်။