ဘရာဇီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကြောင့် ရက်ပိုင်းအတွင်း သေဆုံးသူ လေးဆယ်ကျော်ထိ များပြား

သြဂုတ် ၊ ၃

မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ ဒုစရိုက်ဂိုဏ်းတွေကို ပစ်မှတ်ထား စီးနင်းခဲ့တဲ့ ဘရာဇီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘရာဇီး ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်နယ် ၃ ခုမှာ စစ်ဆင်ရေးတွေ ဆက်တိုက်နီးပါး ဆောင်ရွက်ခဲ့ရာက အသေအပျောက် ၄၃ ဦးထက်မနည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရီယိုဒီ ဂျနေးရိုးမှာ နောက်ဆုံး ပြုလုပ်တဲ့ စစ်ဆင်ရေးအတွက် ကွမ်ပလက်ဆို ဒါပန်ဟာ ဧရိယာမှာ ရဲတွေနဲ့ လူဆိုးဂိုဏ်းတွေ အပြန်အလှန် ပစ်ခတ်ကြပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ မတိုင်ခင်ကလည်း ဆာအိုပေါ်လို ပြည်နယ်ထဲမှာ ဘရာဇီး ရဲတပ်ဖွဲ့က ၅ ရက်ကြာ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီး ဒုစရိုက် ဂိုဏ်းသားတွေအဖြစ် စွပ်စွဲခံရသူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း နိုင်ငံ အရှေ့မြောက်ပိုင်း ဘာဟီရာ ဒေသက ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးတွေအတွင်း လူ ၁၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ရဲတွေကတော့ သေဆုံးသူတွေဟာ ဒုစရိုက်ဂိုဏ်းသားတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းသားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်နယ် ၃ ခုထဲက စစ်ဆင်ရေးတွေအတွင်း လူပေါင်း ၅၈ ဦးထက် မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး မျိုးစုံ ၃၈၅ ကီလိုဂရမ်နဲ့ သေနတ်တွေကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တချို့သော ရဲတပ်ဖွဲ့ စစ်ဆင်ရေးတွေဟာ လိုအပ်တာထက် လွန်လွန်ကဲကဲ ခက်ထန် ကြမ်းတမ်းနေကြောင်း တရားရေး ဝန်ကြီး ဖလာဗီယို ဒီနိုလို ပုဂ္ဂိုလ်မျိုးတွေကပါ စွပ်စွဲထားပါတယ်။ ဘရာဇီး ရဲတပ်ဖွဲ့ကတော့ ရီယိုမှာ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် တဦးကိုပါ သုတ်သင်နိုင်ခဲ့တဲ့ စစ်ဆင်ရေးမျိုးကြောင့် ရည်မှန်းချက်​ အောင်မြင်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကွမ်ပလက်ဆို ဒါပန်ဟာ တဝိုက်မှာတော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်တရက် ဩဂုတ် ၂ ရက်နေ့ထိ ကျောင်းတွေ ပြန်မဖွင့်သေးသလို စျေးဆိုင်တွေကိုလည်း ပိတ်ထားပြီး လူအသွားအလာ နည်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါ့အပြင် လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် ဒေသခံ ပရဟိတ လုပ်ငန်းတွေလည်း လူနေအိမ်တွေထိ သွားရောက် ကူညီ ဝန်ဆောင်မှု ပေးတာမျိုးတွေကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။