ဇနီးနဲ့ လမ်းခွဲပြတ်စဲတော့မယ်လို့ ကနေဒါ ဝန်ကြီးချုပ် ကြေညာ

သြဂုတ် ၊ ၃

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူနဲ့ ဇနီးဖြစ်သူတို့ဟာ လမ်းခွဲကြတော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

 ဝန်ကြီးချုပ် ထရူဒူဟာ ဇနီးဖြစ်သူ ဆိုဖီ ဂရီဂိုရီနဲ့ ၁၈ နှစ်ကြာ ပေါင်းသင်းခဲ့ပြီး သူတို့ ဇနီးမောင်နှံမှာ သားသမီး ၃ ဦး ရှိနေပါတယ်။ ဩဂုတ် ၂ ရက်မှာတော့ ထရူဒူက သူတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ Instagramမှာ အတည်ပြု ရေးသားခဲ့ပါတယ်။

 သူနဲ့ ဂရီဂိုရီတို့ဟာ အဓိပ္ပါယ် လေးနက်ပြီး ခက်ခဲတဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ အများကြီးကို လုပ်ဆောင်ခဲ့တဲ့နောက် လမ်းခွဲ ပြတ်စဲသင့်ပြီ ဆိုတာကို နှစ်ဦးသဘောတူ လက်ခံခဲ့ကြကြောင်း၊ ဒါပေမဲ့ အနာဂတ်မှာလည်း သူတို့ မိသားစုဟာ လေးနက်တဲ့ မေတ္တာမျိုးနဲ့ အပြန်အလှန် လေးစား ချစ်ခင်နေမှာ ဖြစ်သလို အတူတကွ တည်ဆောက်ခဲ့တဲ့ အရာတွေကို အနာဂတ်မှာလည်း ဆက်လက် ဖန်တီး တည်ဆောက်သွားမှာဖြစ်ကြောင်း ထရူဒူက ဆိုပါတယ်။

 နောက်ပြီး ကလေးတွေရဲ့ ကောင်းကျိုးကို ငဲ့ကွက်တဲ့ အနေနဲ့ မိသားစုရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားပေးကြဖို့လည်း ထရူဒူက တောင်းဆိုခဲ့ပါတယ်။

 ဂရီဂိုရီဟာ ကွိဘက်မြို့က ရုပ်မြင်သံကြား သတင်းထောက်ဟောင်း တဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထရူဒူနဲ့ လက်ထပ်ခဲ့ပါတယ်။ ဂရီဂိုရီဟာ ထရူဒူရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ညီငယ် မိုက်ကယ်ရဲ့ သူငယ်ချင်းဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုချင်း သိကျွမ်းခဲ့တယ်လို့ ထရူဒူက ပြောပြဖူးပါတယ်။ လက်ရှိ အချိန်မှာတော့ ထရူဒူဟာ အသက် ၅၁ နှစ်အရွယ် ရှိနေပြီး ဂရီဂိုရီကတော့ သူ့ထက် ၃ နှစ် ပိုငယ်ပါတယ်။

 ဂရီဂိုရီဟာ ဝန်ကြီးချုပ်ကတော် ဘဝမှာ ပရဟိတ လုပ်ငန်းတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွ လှုပ်ရှားသူ တဦးအဖြစ် ပိုပြီး ပီပီပြင်ပြင် ရပ်တည်ခဲ့သလို ကလေးတွေဘဝ မြှင့်တင်ရေး ရန်ပုံငွေ အဖွဲ့တခုဖြစ်တဲ့ WE Charityရဲ့ အထူးကိုယ်စားလှယ် တဦးအဖြစ်လည်း တာဝန်ယူထားပါတယ်။