မူဆယ် ၁၀၅ မိုင် အနီးတိုက်ပွဲတွေ ဖြစ်ပွားနေလို့ ညနေပိုင်းအထိ ကားလမ်းပိတ်ဆို့မှုတွေဖြစ်ပွားခဲ့

သြဂုတ်၊ ၂

ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့ ၁၀၅ မိုင်တိုးဂိတ် အနီးမှာ ဒီကနေ့မနက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာကြောင့် ညနေပိုင်းအထိ ကားလမ်းတွေပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။

“ မနက်ကတည်းက အဲဒီနားမှာ တောက်လျှောက်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတာလေ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ နည်းတာမှာမဟုတ်ဘူး။ ၁၀၅ မိုင်ဂိတ်ကိုလည်း ဒီကနေ့ နေ့ခင်းပိုင်းအထိ ကားတွေ ပေးမဖြတ်ဘူး။ မူဆယ်ဖက်ကိုလည်း တက်လာလို့မရဘူး ။ဒီဖက်လူတွေကလည်း အဲဖက်သွားမရဘူးပေါ့ အခုတော့လမ်းပြန်ဖွင့်သွားပေါ့နော် ” လို့ လုံခြံရေး အရအမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်းလောက်ကစပြီး မူဆယ်မြို့အနီး စယ်လန့်ရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ မူဆယ်မြို့မ(၂) ပြည်သူစစ်ပူးပေါင်းအဖွဲ့နဲ့ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ဖြစ်နေတာလို့ ဒေသခံတွေကဆိုကြပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် အထိအခိုက်အကျအဆုံးနဲ့ပတ်သတ်ပြီး DNA သတင်းဌာနအနေနဲ့ တိတိကျကျမသိရသေးပါဘူး။

အဲဒီတိုက်ပွဲတွေကြောင့် မူဆယ် ၁၀၅ မိုင်တိုးဂိတ်ကို ဒီနေ့နေ့ခင်း ၁ နာရီလောက်အထိဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားခဲ့ရသလို ညနေ ၃ နာရီလောက်မှာတော့ ကားလမ်းကို ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဒါအပြင် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ အမြှောက်တပ်ကနေ တိုက်ပွဲဖြစ်နေတယ်လို့ ယူဆရတဲ့ တောင်ကုန်းတွေဖက်ကို လက်နက်ကြီးတွေနဲ့ ဒီကနေ့ တစ်မနက်ပိုင်းလုံး ပစ်ခတ်နေတာလို့ သိရပါတယ်။

“ တုန်ခန်ရွာနားမှာလည်း တိုက်ပွဲတွေဖြစ်နေသေးတယ် ။ကားလမ်းပေါ်မှာကို စစ်သားတွေ ရှိနေတယ် ။ပြည်သူစစ်အဖွဲ့တွေကောပါတယ်။ လက်နက်ကြီးတွေ အသံကတော့ကြားနေရပဲ အိမ်တွေတောင်တုန်တယ် ” လို့ ဒေသခံနောက်တဦးကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည်တွေကြောင့် ၁၀၅ မို်င်အနီးက လူနေအိ်မ်တချို့နဲ့ အရပ်သား ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပေမယ့် DNA ကအရေအတွက်ကိုတော့ သီးခြားအတည်ပြုလိုမရသေးပါဘူး။

အလားတူပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူစစ်ပူးပေါင်းအဖွဲ့တွေက တအာင်းအမျိုးသားတပ်မတော်တည်ရှိရာအနီးကို ထိုးစစ်ဆင်လာတဲ့အတွက် မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကြား အောက်တုန်ခန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်ခဲ့သေးတယ်လို့ ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

 အဲဒီမိုင်းဆွဲတိုုက်ခိုက်မှုမှာ ပြည်သူစစ်နှစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လက်တလော မူဆယ်မြို့အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပက်သက်ပြီး တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေးရုံးကို DNA ကဒီကနေ ညနေပိုင်းအထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်နဲ့ ၂၉ ရက်တွေက စယ်လန့်ကျေးရွာအနီးရှိ နမ့်မွမ်းတောင်ကြော၊ လွယ်တေးမိန်း(လွံတေးမှိုင်း) အနီးမှာ စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားတပ်မတော် TNLA တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုမရှိပေမယ့် ပြီးခဲ့တဲ့လပိုင်းကစတင်ပြီးတော့ TNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပိုမိုလုပ်လာတဲ့အတွက် တိုုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုုက်ကျော်က DNA ကိုဖြေဆိုထားပါသေးတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားတပ်မတော် TNLA တို့အကြား မိုင်းငေါ့မြို့နယ်မှာတကြိမ်၊ ကွတ်ခိုင်မြို့နယ်မှာတကြိမ်နဲ့ မူဆယ်မြို့နယ်တို့မှာနှစ်ကြိမ်စုစုပေါင်းတိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။