ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရုံလောက်နဲ့ ဘာအဓိပ္ပါယ်မှ မရှိပါ

သြဂုတ်၊ ၂

မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ မှတ်မိနိုင်စွမ်း ထူးထူးကဲကဲ ကောင်းမွန်သလောက် ဘာကိုမှ သင်ခန်းစာ မယူနိုင်ခဲ့တဲ့ သူတို့ရဲ့ ထူးခြားလှတဲ့ စွမ်းရည်တွေကို ကာလရှည်ကြာ လက်တွေ့ ပြသခဲ့ပြီး ဖြစ်ပါတယ်။ ပြင်ပကမ္ဘာကတော့ မြန်မာနဲ့ ပတ်သက်ရင် ဘာကိုမှလည်း သတိမရသလို ဘာကိုမှလည်း မသင်ယူနိုင်သေးပါဘူး။

အင်္ဂါနေ့တုန်းက အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ချိန် ကတည်းက ဖမ်းဆီး ထိန်းသိမ်းတာ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ခေါင်းဆောင် တချို့ရဲ့ ထောင်ဒဏ်တချို့ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အစိုးရ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ထဲက ၆ နှစ်ကို လျှော့ပေါ့ခံစားခွင့် ရခဲ့ပါတယ်။ သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်ကတော့ ၄ နှစ် လျော့သွားပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေအပေါ် စီရင်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေလည်း လျှော့ပေါ့ခံရမယ့် အလားအလာတွေ ရှိနေပါတယ်။

စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ စစ်ရေးအရ အုပ်ချုပ်မှုကိုပဲ ရည်ညွှန်းသုံးနှုန်းတဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို ၆ လ သက်တမ်း ထပ်တိုးလိုက်ပြီး နောက်တရက်မှာပဲ အခုလို ပြစ်ဒဏ်လျှော့ပေါ့မှု ကြေညာချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အရေးပေါ် အခြေအနေ သတ်မှတ်ကာလတွေ သက်တမ်းထပ်တိုးတာ အခုဆိုရင် ၄ ကြိမ်မြောက် ရှိလာပါပြီ။ ဒါဟာ သူတို့ကိုယ်တိုင် ရေးဆွဲပြီး လက်ကိုင်ပြုနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သတ်မှတ်ချက်ဖြစ်တဲ့ ၂ ကြိမ်သာ သက်တမ်းတိုးခွင့်ပြုကြောင်း ကန့်သတ်မှုကို အတိအလင်း ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

အလိုမပြည့်နိုင်မှု၊ အသိအလိမ္မာ ကင်းမဲ့မှု၊ လှည့်ဖျားလွယ်မှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ စစ်တပ် အုပ်စိုးမှုနဲ့ ဆက်စပ်တဲ့ အမျိုးမျိုးသော အကြောင်းတရားတွေက ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်ဒဏ် လျှော့ပေါ့ပေးလိုက်တဲ့ ကိစ္စဟာ တကယ့် ပြောင်းလဲမှု အစစ်အမှန်တွေ ပေါ်ထွန်းလာစေမယ့် သိသာထင်ရှားတဲ့ အရွေ့တခုလို့ ကျယ်ကျယ်လောင်လောင် ပုံဖော်ကြပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပါအဝင် ထောင်သွင်း အကျဉ်းချ ခံရပြီး မတရား ဆက်ဆံမှုတွေ ကြုံနေတဲ့ နိုင်ငံရေး အကျဉ်းသားတိုင်းဟာ တကယ်တမ်းမှာ အကျဉ်းထောင်တွေထဲ ရောက်နေစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူတို့အပေါ် စွဲချက်တင်ခဲ့မှုတွေနဲ့ တရားရေး စီရင်ဆုံးဖြတ်မှု လုပ်ငန်းစဉ်တွေ အားလုံးဟာ အဓိပ္ပါယ် ကင်းမဲ့ပြီး ကြောင်းကျိုးဆက်စပ်မှုတွေလည်း ဘာမှ မရှိပါဘူး။

တကယ်တော့ ဒါတွေ အားလုံးဟာ မြန်မာနိုင်ငံမှာတော့ သင်ရိုးဟောင်းကြီးကို ပြန်ကိုးကားတဲ့ နည်းလမ်းတွေပါပဲ။ စစ်အာဏာရှင်ဟာ သူတို့ရဲ့ ကြီးစိုးမှုကို အပြင်းအထန် ဆန့်ကျင်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်း မရှိတော့ပါဘူး။ သူတို့ အင်မတန် အားကိုးတဲ့ အကြမ်းဖက် ရက်စက်မှု နည်းလမ်းတွေကတော့ သူတို့ရဲ့ ချုပ်ကိုင် ကြီးစိုးလိုတဲ့ ရည်မှန်းချက်မှာ အကျိုးသက်ရောက်မှု အနည်းအကျဉ်းလောက်သာ ရှိပါတော့တယ်။

ရုရှားရယ်၊ (တခါတလေမှာ) တရုတ်ရယ်ကလွဲရင် မြန်မာ စစ်ဗိုလ်ချုပ်တွေမှာ မိတ်ဆွေ ကင်းမဲ့နေပါပြီ။ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုက ယုတ်လျော့ ကျဆင်းသွားပြီး စစ်သားတွေကိုလည်း အလွန်အကျွံ စတေးနေရတဲ့အပြင် အခြေခံ အသိစိတ်နဲ့ ကင်းကွာတဲ့ အတွေးအခေါ်တွေကို ဆုပ်ကိုင်ရင်း စစ်ခေါင်းဆောင်တွေဟာ လူအများကို သိမ်းသွင်း စည်းရုံးတဲ့ နည်းလမ်း အအိုအဟောင်းတွေကိုပဲ ပြန်အားကိုးဖို့ ကြိုးစားလာပြန်ပါတယ်။ တကမ္ဘာလုံးကို အာရုံပြောင်း လှည့်စားပြီး သိမ်းသွင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ပေါ့။

လွန်ခဲ့တဲ့ ၂ နှစ်ခွဲတာ ကာလတွင်း စစ်တပ် ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ အခြေအနေတွေက မြန်မာနိုင်ငံမှာ မှန်းဆဖို့တောင် မလွယ်လောက်တဲ့ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ လူတွေ ထောင်နဲ့ချီ သေဆုံးပြီး နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဦးရေ ၃ သန်းလောက် ရှိခဲ့တယ်။ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံကနေ ကြောက်လန့်တကြား ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံ နေရာချထားပေးဖို့ နောက်တကြိမ် အလုပ်ရှုပ်ကုန်ပြန်တယ်။ မြန်မာ့ စီးပွားရေးဟာ လုံးဝဥဿုံ ပြိုကျလုနီးပါး ဖြစ်သွားပြီး ပြည်သူအများစုက (အထူးသဖြင့် ကျေးလက်ဧရိယာတွေမှာ) ငတ်မသေရုံတမယ် နေထိုင် စားသောက်ရုံလောက်သာ တတ်နိုင်ကြပါတော့တယ်။ ပြီးတော့ နိုင်ငံကိုယ်တိုင်ကလည်း ရာဇဝတ်မှုဆိုင်ရာ ဗဟိုချက်နယ်မြေ တခု ပြန်ဖြစ်လာတယ်။ အဓိက အကြောင်းတရား နှစ်ချက်ကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ သိသိသာသာ ပြန်လည် အားကောင်းလာတာရယ်၊ ဆိုက်ဘာ ရာဇဝတ်မှုတွေရဲ့ အချက်အခြာ နေရာတခု ဖြစ်လာတာရယ်ကြောင့်ပါပဲ။ အရှေ့တောင်အာရှ ဒေသထဲမှတော့ မြန်မာနိုင်ငံဟာ ဆိုက်ဘာ ရာဇဝတ်မှုတွေ အသိသာဆုံး တိုးတက်လာတဲ့ နိုင်ငံတခု ဖြစ်လာနေပါတယ်။

ဒီတော့ အရင်ကတည်းက လုံးဝ ထောင်မကျသင့်ခဲ့တဲ့ သူတွေရဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလိုက်ရုံနဲ့တော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်နေရင် အမှားကြီး မှားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ တကယ် စစ်မှန်တဲ့ အပြောင်းအလဲတွေက ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ဆင်ခြင်တုံတရား အားနည်းသူတွေကို ရည်ရွယ်ပြီး ငါးစာချထားတဲ့ လူမြင်ကောင်းရုံ အဓိပ္ပါယ် ကင်းမဲ့တဲ့ လုပ်ရပ်တွေ ဆီကနေတော့ အဲဒီလို ပြောင်းလဲမှုမျိုးတွေ အမှန်တကယ် ပေါ်ပေါက်လာဖို့ မျှော်လင့်စရာ မရှိပါဘူး။ ပြောချင်တာကတော့ တကယ်တမ်း ပျော်ရွှင်ရတဲ့ စစ်မှန်တဲ့ အကြောင်းတရားမျိုး မဟုတ်ဘဲနဲ့တော့ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတဲ့ ဖျားယောင်းမှုတွေကို အလွယ်တကူ နားယောင်ပြီး Likeခလုတ်တွေ နှိပ်မနေတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။  

 

(The Interpreter တွင် ရှောင်တာနဲလ် ရေးသားသည့် In a meaningless gesture, Myanmar’s junta cuts Aung San Suu Kyi’s sentence ဆောင်းပါးတိုကို DNA က ဘာသာပြန်ဆိုသည်)