သြဂုတ်၊ ၂
ထိုင်းနိုင်ငံက ရထားလမ်း တခုမှာ အမှိုက်တွေ ပြည့်ပြီး ညစ်ပတ် ပေပွနေတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်ပေါ်မှာ လူပြောများခဲ့တဲ့နောက် အာဏာပိုင်တွေက ရှင်းလင်းရေး အဖွဲ့တခုကို စေလွှတ်ပေးလိုက်ပါတယ်။
ဘန်ကောက်က ဖရာထိုင်း ရပ်ကွက်ထဲမှာ ဂျပန်က လှူဒန်းထားတဲ့ ရထားလမ်းပိုင်း နေရာဟာ ညစ်ပတ်ပြီး အမှိုက်တွေ တင်းကြမ်း ပြည့်နှက်နေတဲ့ ဧရိယာ တခုကို ဖြတ်သန်းသွားရပုံကို ဂျပန်နိုင်ငံသား တဦးက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာက တွင်တွင်ကျယ်ကျယ် ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂျပန်နိုင်ငံသားက အခုရထားလမ်းပိုင်း မြင်ကွင်းဟာ ဘန်ကောက်မှာ ဆင်းရဲချမ်းသာ ကွာဟချက် ဘယ်လောက် ကြီးမားသလဲ ဆိုတာကို ထင်ဟပ် မြင်သာစေတယ်လို့လည်း မှတ်ချက် ရေးသားထားခဲ့ပါတယ်။ Tabinezumiworldဆိုတဲ့ Twitter အကောင့်ပိုင်ရှင်က အဲဒီနေရာဟာ ပရောဂျက် အသစ်တခု အကောင်အထည် ဖော်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူးကျော်တဲတွေကို မကြာသေးခင်ကမှ ရှင်းလင်းထားတဲ့ နေရာတခုလို့ စုံစမ်း သိရှိထားကြောင်း ပြောပါတယ်။
ဒါပေမဲ့ နေရာအနှံ့မှာ မှန်ကွဲစတွေ၊ အမှိုက်သရိုက်တွေ၊ စွန့်ပစ် အစားအစာတွေနဲ့ ညစ်ပတ်ပေကျံနေပြီး အနံ့ဆိုးတွေလည်း ထွက်နေကြောင်း၊ ထိုင်းအစိုးရ၊ မြို့တော် မြူနီစီပယ်အဖွဲ့နဲ့ သက်ဆိုင်ရာ ရထားလမ်းပိုင်း ဌာနတွေက ဒီကိစ္စကို အမြန်ဆုံး တုံ့ပြန် ဖြေရှင်းစေလိုကြောင်း သူက တိုက်တွန်းထားခဲ့ပါတယ်။ ၁.၂ ကီလိုမီတာလောက် ရှည်လျားတဲ့ ရထားလမ်းပိုင်းတလျှောက် ဆောက်လုပ်ထားတဲ့ ကျူးကျော်တဲပေါင်း ၁၀၀ လောက်ကို ဖြိုဖျက်ခဲ့တဲ့နောက် စနစ်တကျ မရှင်းလင်းလို့ အခုလိုတွေ ညစ်ပတ်နေတာလို့လည်း သူက ထောက်ပြပါတယ်။
ထိုင်းမှာတော့ အဲဒီပို့စ်က မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပြီး လူတွေ သိန်းနဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒီကိစ္စက လူပြောများလာတဲ့နောက် ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ဒ်ချက် ဆစ်တီပွန့်က သူကိုယ်တိုင် အဲဒီနေရာကို ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ လူအင်အား ၃၀ လောက် ပါဝင်တဲ့ ရှင်းလင်းရေး အဖွဲ့ကိုလည်း စေလွှတ်ဖို့ အာဏာပိုင် အဖွဲ့အစည်းတွေက စီစဉ်ခဲ့ပါတယ်။
ဘန်ကောက် ရထားပို့ဆောင်ရေး ဌာနကလည်း အဲဒီနေရာမှာ နောက်ထပ် အမှိုက်လာပုံသူတွေ ရှိမလာအောင် စည်းရိုးတခု တည်ဆောက် ကာကွယ်ပြီး ဖြတ်သန်းသွားလာခွင့်မပြု သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူထားမယ်လို့ ပြောပါတယ်။ အဲဒီ ဧရိယာကို ရှင်းလင်းသန့်စင်ရာမှာ ဘက်ဟိုးတွေနဲ့ မြေတူးစက်တွေလို အကြီးစား ယန္တရားတွေကိုပါ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။
Ref: Bangkok Post