အမေရိကန်လွှတ်တော် စီးနင်းခံခဲ့ရတဲ့ ဖြစ်စဉ်အတွက် သမ္မတဟောင်း ထရမ့် စွဲချက်တင်ခံရ

သြဂုတ်၊ ၂

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ အမေရိကန် လွှတ်တော် အဆောက်အအုံ ကက်ပီတိုလ် စီးနင်းတိုက်ခိုက် ခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြင်းထန်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်လာရပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ထရမ့်ဟာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး သူ့ရဲ့ အရှုံးကိုလည်း ဝန်မခံခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာတော့ ဝါရှင်တန်ဒီစီ မြို့တော်က ကက်ပီတိုလ် အဆောက်အအုံကို ထရမ့်ရဲ့ အမာခံ အားပေးထောက်ခံသူ လက်ယာစွန်း အမျိုးသားရေး ဝါဒီက ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ သမိုင်းကြောင်းမှာ အဆိုးဆုံး အမည်းစက် စွန်းထင်းမှုတခု ဖြစ်လာပါတယ်။

ထရမ့်ဟာ ကက်ပီတိုလ် စီးနင်းခံရမှု နောက်ကွယ်ကနေ အားပေးထောက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရပြီး အသက် ၇၇ နှစ်အရွယ် သမ္မတဟောင်းကတော့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ ဩဂုတ် ၁ ရက်မှာတော့ ထရမ့်ဟာ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ စွဲချက် ၄ ခု အတင်ခံလိုက်ရပြီး တရားရေးအရ ခုခံ ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ သူဟာ တခြား သဘောသဘာဝ မတူညီတဲ့ အမှုအခင်း ၂ ခုကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် ရွေးကောက်ပွဲ ရလဒ်ဟာ မှားယွင်းပါတယ်၊ မဲလိမ်မှုတွေ ရှိခဲ့ပါတယ် ဆိုတာမျိုး မဟုတ်မမှန် ဝါဒဖြန့်တဲ့ လှုပ်ရှားမှုတွေကို တလလောက် အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ဒီအခြေအနေတွေက ကက်ပီတိုလ်မှာ အကျည်းတန်တဲ့ ဆူပူမှုတွေကို ပေါ်ပေါက်စေခဲ့ကြောင်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

အခု ကိစ္စနဲ့ ပတ်သက်လို့ တရားစီရင် စစ်ဆေးမှုတွေကို ဦးဆောင်ဖို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက တာဝန်ပေးထားတဲ့ အထူးကိုယ်စားလှယ် ဂျက်စမစ်သ်က စွဲချက်တွေနဲ့ ပတ်သက်လို့ ထရမ့်မှာ အမှန်တကယ် အပြစ် ရှိမရှိ ဆိုတာကို ၁ နှစ်လောက် အချိန်ကာလအတွင်း တိတိကျကျ အဖြေထုတ်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ သူက လက်ရှိ အခြေအနေမှာ ထရမ့်ကို အပြစ်ရှိတယ်လို့ မသတ်မှတ်သင့်ကြောင်း သတိပေးခဲ့ပြီး ၂၀၂၁ ခုနှစ်က ဖြစ်စဉ်ဟာ အမေရိကန်ရဲ့ မြို့တော်မှာ အမေရိကန်ရဲ့ ဒီမိုကရေစီကို တိုက်ရိုက် ခြိမ်းခြောက် တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ကြီးလေးလွန်းတဲ့ ပြစ်မှု တခုလို့ ပြောကြားသွားခဲ့ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ထရမ့်ကတော့ အခုတရားစွဲဆိုမှုကို အတုအယောင် လုပ်ရပ်တခုလို့ စွပ်စွဲပြီး ဘာကြောင့် ၂ နှစ်ခွဲလောက် ကြာပြီးမှ တရားထစွဲသလဲဆိုပြီး တုံ့ပြန် မေးခွန်းထုတ်ထားပါတယ်။ ထရမ့်ဟာ အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် မှတ်တမ်းဖိုင်တွေကို စနစ်တကျ ကိုင်တွယ်ဖို့ ပျက်ကွက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ မပေါက်ကြားအောင် ညစ်ညမ်း ရုပ်ရှင်စတား အမျိုးသမီး တဦးကို အခကြေးငွေပေးပြီး နှုတ်ပိတ်မှုတွေ အတွက်လည်း သီးခြား တရားရင်ဆိုင်မှုတွေကို ကြုံတွေ့နေရပါတယ်။

ဩဂုတ် ၁ ရက်က တရားစွဲဆိုမှုမှာ ထရမ့်တယောက်တည်းရဲ့ နာမည်သာ ပါဝင်သေးပေမယ့် သူ့ရဲ့ မဲဆွယ်စည်းရုံးမှု တာဝန်ခံတွေ၊ အမာခံ အားပေးထောက်ခံသူတွေ၊ ဝန်ထမ်းတွေ တော်တော်များများကိုလည်း ကြံရာပါတွေအဖြစ် တရားစွဲဆိုဖို့ စီစဉ်ထားကြောင်း တရားရေးဌာန တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ထရမ့်ဟာ အခုသီတင်းပတ်ကုန်မှာ ဝါရှင်တန်ကို လာရောက်ပြီး စွဲချက်အတွက် ပထမဆုံး ကြားနာမှုတွေကို ခုခံ လျှောက်လဲဖွယ် ရှိနေပါတယ်။ ထရမ့်နဲ့ မဟာမိတ်တွေကတော့ ကက်ပီတိုလ် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ကို တရားစွဲဆိုဖို့ အားထုတ်မှုတွေဟာ ရိုးသားမှု လုံးဝမရှိဘဲ နိုင်ငံရေးအရ ထိုးနှက်တဲ့ သဘောသာ ဖြစ်တယ်လို့ ဝေဖန် စွပ်စွဲထားကြပါတယ်။ ထရမ့်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို တကျော့ပြန် စိန်ခေါ်နိုင်ဖို့ စိတ်အား ထက်သန်နေပြီး အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာဖို့လည်း ရေပန်းအစားဆုံး ရပ်တည်နေဆဲလို့ သိရပါတယ်။

 

Ref: AFP