ထားဝယ်နဲ့ မြိတ် အကျဉ်းထောင်နှစ်ခုကလွတ်လာသူခြောက်ဆယ်ကျော်မှာ နိုင်/ကျဉ်းသုံးဦးသာပါ

 

 

 

ဩဂုတ်၊ ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ မြိတ်မြို့ အကျဉ်းထောင်တွေကနေ ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ အကျဉ်းသူ/သား ခြောက်ဆယ်ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသူ/သား သုံးဦးသာ ပါဝင်တယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲ ထားဝယ်အကျဉ်းထောင်က အမျိုးသား ၃၂ ဦးနဲ့ အမျိုးသမီးသုံးဦး၊ မြိတ်အကျဉ်းထောင်ကနေ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ရှစ်ဦး ပါဝင်ခဲ့တာပါ။

ထားဝယ်အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့အထဲမှာတော့ နိုင်ငံရေးအမှုတွေနဲ့  ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားတဦး၊ အမျိုးသမီးတဦးနဲ့ CDM ရဲတဦး ပါဝင်ပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးကတော့ လွတ်ရက်စေ့ဖို့ တလလောက်သာ လိုတော့တယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးက ပြောပါတယ်။

“သူက လွတ်ဖို့ တလလောက်ပဲလိုပြီ၊ အရင်တခေါက် လွတ်ငြိမ်းတုန်းကတောင် သူ့နာမည်ပါသေးတယ်၊ အဲတုန်းကတော့ မလွှတ်ဘဲ ပြန်ထားခဲ့တယ်။ နောက်ပြီး ထောင်သုံးနှစ် ချခံထိတဲ့ CDM ရဲ တယောက်လည်း လွတ်တဲ့အထဲပါတယ်”လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသူဟောင်းတဦးက DNA ကို ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်ကနေ လွတ်လာတဲ့ တခြားသူတွေကတော့ လွတ်ဖို့ခြောက်လသာ အများဆုံးကျန်တော့တဲ့ ရာဇဝတ်အမှုတွေနဲ့ ထောင်ကျခံနေရသူတွေဖြစ်ပြီး စစ်ပြေးနဲ့ ရဲပြေးတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

မြိတ်အကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ၃၂ ဦးကတော့ လောင်းကစားအမှုအပါအဝင် တခြားအမှုတွေနဲ့ ထောင်ကျခံနေရသူတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသူ/သား တဦးမှ မပါဘူးလို့ သိရပါတယ်။

“ကျနော်တို့ စုံစမ်းကြည့်ပြီးပြီ၊ နိုင်ငံရေးအကျဉ်းသားတယောက်မှ လွတ်တဲ့အထဲ မပါဘူး” လို့ မြိတ် နိုင်ငံရေးအကျဉ်းသားတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီကတော့ ဒီကနေ့ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသူ/သား ၇၇၄၉ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံရန်ကျန်သေးတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်မှာ စစ်ကောင်စီက ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းချမ်းသာပေးပြီး လွှတ်ပေးတဲ့အထဲမှာတော့ ထားဝယ်အကျဉ်းထောင်က နိုင်/ကျဉ်း ၃၄ ဦးနဲ့ မြိတ်အကျဉ်းထောင်က နိုင်/ကျဉ်း ၁၄ ဦး ပါဝင်ခဲ့ပါတယ်။

Photo_CJ