ဒီပဲယင်းမှာ DRPA ဝင်တိုက်လို့ စစ်ကောင်စီခြောက်ဦးသေ၊ လက်နက်ငါးလက်ရရှိ

သြဂုတ်၊ ၁
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပြင်က စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး သေနတ် ငါးလက် သိမ်းဆည်းရမိတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ အဓိက ကတော့ဗျာ။ ဒီဥစ္စာ ပြောက်ကျားစစ်ဆေးရေး ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က လက်ဦးမှုရယူပြီး ကျွန်တော်တို့ဖက်က ဒီအသာစီးမှု ရသွားတယ်ပေါ့နော်။ လက်ဦးမှု ရယူသွားတဲ့ အနေထားမျိုး ဖြစ်တဲ့အတွက် ဒီဂိတ်စောင့်နေတဲ့ ခြောက်ယောက်လုံးက တခါတည်းမှောက်သွားတယ်ပေါ့နော်။ မှောက်သွားတဲ့အတွက် ကျွန်တော်တို့ သူတို့ဆီက လက်နက်တွေရော ဒီ ပစ္စည်းတွေအကုန်လုံးကို ရနိုင်သမျှ အကုန်ယူလာပြီးတော့ ပြန်ဆုတ်ခွာလာတာပေါ့နော် ” လို့ အဲဒီအဖွဲ့ပြန်ကြားရေးအဖွဲ့ဝင် ကိုမျိုးကြီးက ပြောပါတယ်။
 
ဒီပဲယင်းမြို့အပြင်ဖက် စက်သုံးဆီဆိုင်အနီးက ကံပြားဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင် လ ၃၀ ရက်၊ ညနေ ၄ နာရီ ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး လက်လုပ်ပစ္စတို တလက်၊ MA1 နှစ်လက်၊ MA2 တလက်၊ MA3 တလက်၊ အီနာဂါဗုံးသီး နှစ်လုံး၊ ကျည်ကာ နှစ်ထည်၊ ကျည်ဘောက် ကိုးခု၊ ကျည်ဆံအချို့နဲ့ ဖုန်း သုံးလုံး၊ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ အခြားပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ကိုမျိုးကြီးက ပြောပါတယ်။
 
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၃၀)၊ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA)နဲ့ Mobie Team (Dapayin) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြီးနောက် အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ခံရတဲ့ ကံပြားဂိတ်ကို ပုံမှန်အတိုင်း စစ်အင်အားဖြည့်တင်းထားပြီး လမ်းသွားလမ်းလာ အရပ်သားတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကလည်း DRPA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သား အင်အား တရာကျော်နဲ့ တပ်စွဲထားတဲ့ ပုလဲမြို့နယ်၊ ကန်ထောင့် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား တဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာ ရရှိခဲ့သေးတယ်လို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – DRPA