ပါကစ္စတန်က လူငါးဆယ်ကျော်သေတဲ့ အသေခံ ဗုံးခွဲမှုဟာ သူတို့လက်ချက်လို့ အိုင်အက်စ်အဖွဲ့ ကြေညာ

သြဂုတ်၊ ၁

ပါကစ္စတန်မှာ နိုင်ငံရေး စုဝေးပွဲ တခုကို ပစ်မှတ်ထား ဗုံးခွဲခဲ့တာဟာ သူတို့လက်ချက်လို့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။ 

ဇူလိုင် ၃၀ က အာဖဂန် နစ္စတန်နဲ့ နယ်စပ်နားမှာ မွတ်ဆလင် ဘာသာရေး ပါတီ တခုဖြစ်တဲ့ JUI-Fရဲ့ လူထု စုဝေးပွဲတခု ကျင်းပနေတုန်း အသေခံ ဗုံးသမား တဦးက ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂၃ ဦး အပါအဝင် ၅၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အခုနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ ဟောပြောပွဲကို ပစ်မှတ်ထားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် နိုင်ငံရေး ပါတီတွေရဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို အရေးတကြီး ပြန်သုံးသပ်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။

ဇူလိုင် ၃၁ ရက်မှာတော့ အိုင်အက်စ် အဖွဲ့က သူတို့ရဲ့ ဒေသခံ အကြမ်းဖက် ယူနစ်တွေက ခါဟ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုကို လုပ်ဆောင်ခဲ့တာလို့ ကြေညာသွားပါတယ်။ အိုင်အက်စ်ရဲ့ လက်နက်ကိုင် အဖွဲ့ခွဲ တခုဖြစ်တဲ့ အမ်မက်က သူတို့ရဲ့ ဗုံးသမား တဦးဟာ လူတွေ စုဝေးနေတဲ့ကြားထဲ ဝင်သွားပြီး စနက်တံဖြုတ် ဖောက်ခွဲခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ ခါဟ်မြို့ဟာ အာဖဂန် နယ်စပ်နဲ့ ၄၅ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။ အာဖဂန်မှာ ၂၀၂၁ ခုနှစ်တုန်းက တာလီဘန် စစ်သွေးကြွတွေ ပြန်လည် အာဏာသိမ်းလိုက်တဲ့နောက် နယ်စပ်ဒေသတွေမှာ အကြမ်းဖက် အဖွဲ့အစည်းတွေ ပိုမို အားကောင်းလာနေတယ်လို့ လုံခြုံရေး ပညာရှင်တွေက ဆိုပါတယ်။ 

ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ထပ် ၂၄ နာရီ ကြာတဲ့ထိ အဲဒီနေရာ တဝိုက်မှာ ရှင်းလင်းရေး လုပ်ငန်းတွေ မပြီးဆုံးသေးဘဲ သွေးကွက်တွေ၊ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မြင်နေရဆဲလို့ မျက်မြင်တွေက ပြောပါတယ်။ ဇူလိုင် ၃၁ ရက်မှာတော့ ကွယ်လွန်သူတွေရဲ့ နာရေး အစီအစဉ်ကို စုဝေးကျင်းပခဲ့ပြီး လူပေါင်း ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ပါကစ္စတန် အစိုးရက အခု ဗုံးခွဲမှုကို အပြင်းအထန် ရှုတ်ချထားသလို အကြမ်းဖက်သမားတိုင်းကို ရှာဖွေဖော်ထုတ်ပြီး အမြစ်ဖြတ် ချေမှုန်းမယ်လို့ ကြေညာထားပါတယ်။

 

Ref: CNA