မြန်မာနိုင်ငံကို မြန်နိုင်သမျှမြန်မြန် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်စေချင်တယ်လို့ ကုလသမဂ္ဂပြော

သြဂုတ်၊ ၁

အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိကို ဖျက်ပစ်ပြီး အရေးပေါ် အခြေအနေ သတ်မှတ် ကာလ သက်တမ်း တိုးမြှင့်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ကုလသမဂ္ဂက သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်း အခြေအနေ မငြိမ်သက်မှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ အဆင်မပြေသေးဘူးလို့ အကြောင်းပြပြီး အရေးပေါ် အခြေအနေ ကြေညာမှုကို ၆ လ သက်တမ်းတိုးခွင့် တောင်းခံခဲ့ရာမှာ သူ့စိတ်ကြိုက် ခေါင်းညှိတ်ဖို့ လူစုထားတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ)က သဘောတူ လက်ခံခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဖက်က မြန်မာ့ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ကုလသမဂ္ဂ အနေနဲ့ ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်နဲ့ ညီညွတ်တဲ့ စီမံအုပ်ချုပ်မှုမျိုးကို မြန်နိုင်သမျှ အမြန်ဆုံး ပြန်လည် ပေါ်ထွန်းလာစေချင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးဖြစ်တဲ့ ဖာရန်ဟက်က ပြောကြားသွားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အရပ်သား ဒီမိုကရေစီ အစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီး အကျဉ်းချထားပါတယ်။ အဲဒီနောက် မင်းအောင်လှိုင်ဟာ အရေးပေါ် အခြေအနေ ကြေညာချက်တွေကို တဆင့်ချင်း သက်တမ်းတိုးခဲ့တာ အခုဆိုရင် ၄ ကြိမ်မြောက် ဖြစ်လာပါတယ်။ ဒီတကြိမ် သက်တမ်းတိုးမှုကြောင့် စစ်တပ်ဟာ နှစ်ကုန်ပိုင်းလောက်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ သဘောလည်း ဖြစ်လာပါတယ်။

လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ အနှံ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခုခံဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းကောင်းနဲ့ ဖြစ်ပွားနေတာကြောင့်လည်း စစ်တပ် ဦးဆောင်တဲ့ ရွေးကောက်ပွဲကို ပြည်လုံးကျွတ် အကောင်အထည် ဖော်နိုင်ဖို့ ခက်ခဲလွန်းလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ နောက်ပြီး စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပေးရင်လည်း လွတ်လပ်ပြီး တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီးသားပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး အရပ်သားတွေ သေဆုံးမှုဟာ ၆၀၀၀ ကျော်ထိ များပြားလာပြီလို့ ယုံကြည်ရပြီး ပြည်တွင်း ပဋိပက္ခတွေကြောင့် ကလေးငယ် ၅ သိန်းကျော် အပါအဝင် လူပေါင်း ၁ သန်းခွဲလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။

 

Ref: VoA